ဖိလစ်ပိုင်မှ အစားအသောက်ဖြင့်ကျော်ကြားသူ အဆိပ်ရှိဂဏန်း (devil crab) စားပြီးနောက် သေဆုံး

မနီလာ၊ ဖေဖော်ဝါရီ ၁၂

စားသောက်မှုအလေ့အထ ဗီဒီယိုများဖြင့် အွန်လိုင်းတွင်ကျော်ကြားလာသည့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးသည် လူမှုကွန်ရက်တွင်မျှဝေမည့် ဗီဒီယိုအတွက် အဆိပ်ရှိဂဏန်း (devil crab) ကို စားသုံးပြီးနောက် သေဆုံးခဲ့သည်။

အသက် ၅၁ နှစ်အရွယ် အမ်မာ အာမစ်နှင့် သူငယ်ချင်းများစွာသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပလာဝမ်ကျွန်း၊ Luzviminda မှ ၎င်းတို့၏အိမ်အနီးရှိ ဒီရေတောမှ ပင်လယ်စာများစုဆောင်းရန် သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် အခွံမာပင်လယ်စာများကို အိမ်သို့ယူဆောင်လာပြီး Facebook နှင့် Tiktok တွင်မျှဝေမည့် ဗီဒီယိုတစ်ခုအတွက် ချက်ပြုတ်ခဲ့သည်။

ပင်လယ်စာများကို ချက်ပြုတ်စားသောက်ပြီးနောက် အာမစ်သည် အဆိပ်ပြင်းသော အဆိပ်ရှိဂဏန်းတစ်ကောင်ကို ကောက်ယူပြီး သူမ၏ပရိတ်သတ်များ ကြည့်ရှုရန်စားပြခဲ့သည်။

နောက်တစ်နေ့တွင် အိမ်နီးချင်းများက အာမစ်သည် ပြင်းထန်စွာဖျားနာခဲ့ပြီး အနီးရှိဆေးခန်းသို့ ပို့ဆောင်ခဲ့ရသည်။ သူမသည် တက်သည့်ဝေဒနာကိုခံစားရပြီး သူမနှုတ်ခမ်းများသည် ပြာနှမ်းလာခြင်းကြောင့် နောက်ဆုံးတွင် ဆေးရုံသို့လွှဲပြောင်းခဲ့ရသည်။

ဆရာဝန်များသည် သူမကိုကယ်တင်နိုင်ခြင်းမရှိပါ။ သူမသည် အဆိပ်ရှိဂဏန်းကိုစားပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သေဆုံးခဲ့သည်။

“နတ်ဆိုးကျောက်တန်းကဏန်းဟုခေါ်တဲ့ အဆိုပါသတ္တဝါတွေကို အိန္ဒိယ-ပစိဖိတ်ဒေသတစ်လျှောက် သန္တာကျောက်တန်းတွေမှာ နေထိုင်ကြတာကို တွေ့ရှိရပါတယ်။ သူတို့မှာ ပူဖာ ငါးတွေမှာလည်းတွေ့ရတဲ့ အသက်အန္တရာယ်ရှိတဲ့ saxitoxin နဲ့ tetrodotoxin အပါအဝင် အာရုံကြောဆိုင်ရာ အဆိပ်အတောက်တွေပါဝင်တဲ့ အစွမ်းထက် အဆိပ်အတောက်တွေ ပါဝင်ပါတယ်။” ဟု Smithsonian Institution က ဆိုသည်။

လူဇ်ဗီမင်ဒါရွာသူကြီး လူဒီ ဂျီမန်းက သေဆုံးသူ၏အိမ်ကို သွားရောက်ခဲ့သည့် ရဲအရာရှိများသည် စွန့်ပစ်ထားသည့် တောက်ပသောအရောင်ရှိသည့် နတ်ဆိုးကဏန်းခွံများကို တွေ့ရှိခဲ့ကြောင်း ပြောကြားသည်။

တောရိုင်းပင်လယ်စာများကို စားသုံးသည့်အခါ ပိုမိုသတိထားရန် ပြည်သူများကို ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

Ref: bangkokpost.com
#ယနေ့ခေတ်

ဖိလစ်ပိုင်မှ အစားအသောက်ဖြင့်ကျော်ကြားသူ အဆိပ်ရှိဂဏန်း (devil crab) စားပြီးနောက် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.