မော်လမြိုင်တွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်း နှစ်ဦးသေဆုံး

ရန်ကုန်၊ မတ် ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နေအိမ်တစ်လုံးတွင် ရေနွေးအိုးအပူလွန်ကဲရာမှတဆင့် မီးလောင်းကျွမ်းခဲ့ပြီး နှစ်ဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်၊ နံနက် ၂ နာရီကျော်က မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေ၊ ဒေါင်းဇရပ်ရပ်ကွက်၊ တောင်ဝိုင်းလမ်းချိုးရှိ နေအိမ်တစ်လုံးတွင် ရေနွေးအိုးအပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး၊ အသက် ၇၀ ဝန်းကျင်ရှိ အဖိုးတစ်ဦးနှင့် အဖွားတစ်ဦး မီးလောင်သေဆုံးကာ၊ သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့များ ကယ်ဆယ်ရေး ဆောင်ရွက်နေ‌ကြစဉ်။ | ဓာတ်ပုံ-ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

“အဖိုးအဖွားနေတဲ့ အခန်းရဲ့ခြေရင်းမှာ ပေါင်းအိုးတို့၊ ရေနွေးအိုးတို့ကိုအသုံးပြုကြတာ။ ညကျတော့ ၂ နာရီခွဲကျော်ကျော်လောက်မှာ ရေနွေးအိုးတည်တာ။ ဘေးခန်းက သူ့သမီးက တော့ ကြားလိုက်တယ်တဲ့။ ရေနွေအိုးတည်ပြီးတော့ ပြန်အိပ်ပျော်သွားတာ။ အဖိုးကမျက်စိကလည်း မကောင်းဘူး။ အဲ့ဒီမှာ ရေနွေးအိုးကနေအပူလွန်ကဲပြီးတော့လောင်တာ။ ဘေးမှာရှိတဲ့ အဝတ်ပုံကို မီးစကူးတာ။ အဲ့ဒီမှာတင် အိပ်ယာတွေ၊ စောင်တွေကိုလည်းမီးကူတာ။ အဖိုးရော အဖွားရော မီးလောင်တဲ့အထဲပါသွားတာ။ သမီးဖြစ်တဲ့သူကတော့ ထွက်ပြေးတာလွတ်သွားတော့ လက်တော့ဒဏ်ရာရတယ်။ ဆုံးရှုံးမှုကတော့ ဆယ်သိန်းငါးသောင်းကျတယ်။” ဟု မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုတွင် သေဆုံးသွားသည့် အဖိုးနှင့် အဖွားတို့၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ မော်လမြိုင်ဆေးရုံးကြီးရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည့် နံနက်၂ နာရီ၊ မိနစ် ၄၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၂ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
#ယနေ့ခေတ်

မော်လမြိုင်တွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်း နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.