ရန်ကုန်၊ မတ် ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကလေးငါးဦး ဇက်ဆိပ်တွင်ရေဆင်းချိုးရာမှ နှစ်ဦးကိုအသက်ရှင်လျက်ပြန်တွေ့ခဲ့ပြီး၊ သုံးဦးမှာ ရေနစ်ပျောက်ဆုံးနေသေးကြောင်း သိရသည်။
မတ်လ ၁၆ ရက်၊ ညနေ ၆ နာရီခန့်က မုံရွာမြို့၊ သလ္လာဝတီဇက်ဆိပ်တွင် ကလေးငါးဦး ရေဆင်းချိုးရာမှ နှစ်ဦးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့ပြီး သုံးဦးမှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသေးကြောင်း သိရသည်။
“ကလေးတွေက ရေဆင်းချိုးတာ။ ငါးယောက်မှာ နှစ်ယောက်ကတော့ စက်လှေသမားတွေတွေ့လို့ အသက်ရှင်ပြန်ရပါတယ်။ သုံးယောက်တော့ အခုအချိန်ထိမတွေ့သေးပါဘူး။ ယောင်္ကျားလေးနှစ်ဦးနဲ့ မိန်းကလေးတစ်ယောက်။ အသက်တွေက (၁၄ )နှစ်လောက်တော့ရှိပြီ။ မိသားစုတွေလည်းရှိပါတယ်။ အဆက်အသွယ်ရပါတယ်။” ဟု ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေဆင်းချိုးရာမှ ပျောက်ဆုံးနေသည့် ကလေးသုံးဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် နယ်မြေခံလူမှုကူ ညီရေးအသင်းတို့ပူးပေါင်းကာ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ မတ်လ ၄ ရက်၊ နေ့လည် ၂ နာရီကျော်ကလည်း စစ်ကိုင်းတိုင်၊ ဟုမ္မလင်းမြို့၊ နော်ဖွတ်မော်ရပ်ကွက်ရှိ ချင်းတွင်းမြစ်တွင် နာဂကျောင်းသား၊ ကျောင်းသူ ၁၁ ဦးရေကစားရာမှ လေးဦးရေနစ်ဆုံးခဲ့ပြီး၊ ကျောင်းသူသုံး၏ ရုပ်အလောင်းများသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း၊ မုံရွာမြို့၊ သလ္လာဝတီဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်း အသက် (၇) နှစ်အရွယ် ကလေးတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)
ယနေ့ခေတ်
မုံရွာမြို့တွင် ကလေးငါးဦး ဇက်ဆိပ်တွင်ရေဆင်းချိုးရာမှ သုံးဦးပျောက်ဆုံးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်