မက္ကဆီကိုစီးတီး၊ မတ် ၁၇
အီရန်ဘောလုံးအဖွဲ့ချုပ်သည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမအဆင့်ပွဲစဉ်များကို အမေရိကန်ပြည်ထောင်စုမှ မက္ကဆီကိုသို့ ရွှေ့ပြောင်းကစားရန် ဖီဖာနှင့်ညှိနှိုင်းနေကြောင်း မက္ကဆီကိုရှိ အီရန်သံရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင်ကျင်းပမည့် နွေရာသီ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်များတွင် အီရန်အသင်းပါဝင်မှုမှာ မသေချာမရေရာဖြစ်နေခဲ့သည်။
“ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမျိုးသားအသင်း၏လုံခြုံရေးကို အာမမခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သောအခါ ကျွန်ုပ်တို့သည် အမေရိကသို့မသွားပါ” ဟု အီရန်ဘောလုံးအကြီးအကဲ မယ်ဒီတာ့ဂျ်က သံရုံး၏ X လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
“ ကျွန်ုပ်တို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်းပွဲစဉ်များကို မက္ကဆီကို၌ကျင်းပရန် ဖီဖာနှင့် လက်ရှိညှိနှိုင်းနေပါသည်။” ဟု ၎င်းက ဆိုသည်။
အီရန်အသင်းသည် လော့စ်အိန်ဂျလိစ် (LA) တွင် နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နှင့် ရင်ဆိုင်ရန်ရှိပြီး၊ ထို့နောက် ဆီယက်တဲလ်တွင် အီဂျစ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲအတွက် အီရန်အသင်း၏ အခြေစိုက်စခန်းကို အရီဇိုးနားပြည်နယ်၊ တူဆန်မြို့တွင်ထားရှိရန် ကနဦးစီစဉ်ထားသည်။
မက္ကဆီကိုနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး အဘိုဖာဇယ်လ် ပါဆန်ဒီဒက်က တနင်္လာနေ့က သံရုံး၏ဝက်ဘ်ဆိုက်တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ကမ္ဘာ့ဖလားမတိုင်မီ အီရန်ကိုယ်စားလှယ်အဖွဲ့အတွက် “ ဗီဇာထုတ်ပေးခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုပေးခြင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း” ကို ရှုတ်ချခဲ့သည်။
သူက “ အီရန်၏ပွဲစဉ်များကို အမေရိကန်မှ မက္ကဆီကိုသို့ ရွှေ့ပြောင်းရန် ဖီဖာထံအကြံပြုခဲ့သည်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
AFP သတင်းဌာနက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဖီဖာက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါ။
အီရန်ဘောလုံးအသင်းကို အမေရိကန်တွင် ကြိုဆိုမည်ဖြစ်သော်လည်း “ ၎င်းတို့၏အသက်နှင့် ဘေးကင်းရေးအတွက်” ပြိုင်ပွဲသို့ မသွားရောက်သင့်ကြောင်း ထရမ့်က ပြောကြားပြီးနောက် ပြီးခဲ့သည့်အပတ်က ဆူပူမှုများဖြစ်ပေါ်စေခဲ့သည်။
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ထရမ့်က အီရန်အသင်းကို ကြိုဆိုမည်ဟု အာမခံချက်ပေးပြီးနောက် ထရမ့်၏မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်၏မှတ်ချက်များနှင့်ပတ်သက်၍ “ ကမ္ဘာ့ဖလားမှ အီရန်အမျိုးသားအသင်းကို မည်သူမျှချန်လှပ်ထား၍မရပါ” ဟု အီရန်က ပြန်လည်တုံ့ပြန်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အစ္စလာမ္မစ်သမ္မတနိုင်ငံကို ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်၏နေရာသည် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး အစ္စရေးနယ်မြေနှင့် အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အမေရိကန်ပစ်မှတ်များကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တုံ့ပြန်ခဲ့သည်။
Ref: bangkokpost.com
ယနေ့ခေတ်
အီရန်ဘောလုံးအသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များကို မက္ကဆီကိုတွင်ကစားရန် အီရန်ဘောလုံးအဖွဲ့ချုပ်နှင့် ဖီဖာ ညှိနှိုင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်