ကဘူးလ်မြို့ရှိ ဆေးရုံကို ပါကစ္စတန်လေကြောင်းတိုက်ခိုက် လူ ၄၀၀ သေဆုံး

ကဘူးလ်၊ မတ် ၁၇

ကဘူးလ်မြို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးဆေးရုံကို ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၀၀ သေဆုံးပြီး ၂၅၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြားပဋိပက္ခများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

ပါကစ္စတန်က ယင်းစွပ်စွဲချက်ကို မှားယွင်းပြီး လှည့်ဖြားသည်ဟု ငြင်းဆိုခဲ့ပြီး တနင်္လာနေ့ညတွင် “ စစ်ရေးအဆောက်အအုံများနှင့် အကြမ်းဖက်ထောက်ပံ့ရေး အခြေခံအဆောက် အအုံများကို တိတိကျကျပစ်မှတ်ထား” ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက တောင်အာရှအစ္စလာမ္မစ်နိုင်ငံများအကြား တင်းမာမှုများကိုလျှော့ချရေး ဆက်လက်ကြိုးပမ်းရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပြီး စစ်ပွဲကိုတိုးချဲ့ခြင်းမှ ရှောင်ရှားပြီး၊ ညှိနှိုင်းရေးစားပွဲသို့ ပြန်လာရန် တိုက်တွန်းပြီးနောက် နာရီပိုင်းအကြာတွင် လေကြောင်းတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက စတင်ခဲ့သော ပဋိပက္ခသည် ကီလိုမီတာ ၂၆၀၀ (မိုင် ၁၆၀၀) ရှည်လျားသော နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား အဆိုးရွားဆုံးဖြစ်သည်။ တ ရုတ်အပါအဝင် မိတ်ဆွေနိုင်ငံများက ကြားဝင်စေ့စပ်ပေးရန်နှင့် တိုက်ပွဲများကိုအဆုံးသတ်ရန် ကြိုးပမ်းမှုများကြားတွင် လျော့ကျသွားခဲ့သော်လည်း ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ်တိုက်ခိုက်မှုများနှင့် တီဟီရန်၏လက်စားချေမှုကြောင့် အရှေ့အလယ်ပိုင်းဒေသကို အကျပ်အတည်းတစ်ခုထဲသို့ တွန်းပို့ခဲ့သည့် ဒေသတွင်း ပိုမိုကျယ်ပြန့်သော မတည်ငြိမ်မှုများကြားမှ ယခုတင်းမာမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

“ ကျွန်တော် မနေ့ညကရောက်တော့ အရာအားလုံးမီးလောင်နေတာကို တွေ့လိုက်တယ်၊ လူတွေ မီးလောင်နေတာကို တွေ့လိုက်တယ်” ဟု လူနာတင်ယာဉ်ယာဉ်မောင်း Haji Fahim က Reuters သို့ ပြောကြားခဲ့သည်။ “ မနက်အစောပိုင်းမှာ သူတို့က ကျွန်တော့်ကိုထပ်ခေါ်ပြီး အပျက်အစီးတွေအောက်မှာ အလောင်းတွေရှိနေသေးလို့ ပြန်လာဖို့ပြောတယ်” ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုတင် ၁၀၀၀ ပါ “ မူးယစ်ဆေးဝါးစွဲလမ်းမှု ကုသရေးဆေးရုံ” အဖြစ် သတ်မှတ်ထားသော ပျက်စီးနေသောအဆောက်အအုံ၏ ဂိတ်အနီးတွင် လူနာတင်ယာဉ်များနှင့် ရဲကားများရပ်ထားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေခဲ့သည်။

တာလီဘန်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖက်ရတ်က လေကြောင်းတိုက်ခိုက်မှုသည် တနင်္လာနေ့ ည ၉ နာရီတွင်ဖြစ်ပွားခဲ့ပြီး အစိုးရပိုင် Omid ဆေးရုံကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းဆေးရုံသည် ကုတင် ၂၀၀၀ ဆံ့ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးဌာနဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ ဆေးရုံရဲ့ အစိတ်အပိုင်းအများစု ပျက်စီးသွားပြီး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်” ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “ ဝမ်းနည်းစရာကောင်းတာက သေဆုံးသူအရေအတွက်ဟာ ၄၀၀ အထိ ရောက်ရှိနေပြီး ၂၅၀ အထိ ဒဏ်ရာရရှိခဲ့ပါတယ်။” ဟု ဆိုသည်။

Reuters သတင်းဌာနက ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိခဲ့ဘဲ ပါကစ္စတန်စစ်တပ်ထံမှ မှတ်ချက်ရယူရန် ဆက်သွယ်၍မရခဲ့ပါ။

ပါကစ္စတန် သတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်ရေးဝန်ကြီးဌာနက အာဖဂန်တာလီဘန်များ၏ ပြောဆိုချက်သည် “ အချက်အလက်များ မှားယွင်းစွာတင်ပြခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်ဟာ ကဘူးလ်နဲ့ နန်ဂါဟာမှာရှိတဲ့ အာဖဂန်တာလီဘန်နဲ့ ပါကစ္စတန်တာလီဘန်စစ်သွေးကြွတွေရဲ့ နည်းပညာပစ္စည်းတွေ သိုလှောင်ရာနဲ့ ကျည်ဆန်သိုလှောင်ရာအပါအဝင် စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ “ အကြမ်းဖက်ထောက်ပံ့ရေး အခြေခံအဆောက်အအုံ” တွေကို ပစ်မှတ်ထားခဲ့ကြောင်း X တွင်တင်ထားခဲ့သည်။ အဲဒီအဆောက်အအုံများသည် ပါကစ္စတန်အရပ်သားများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။

“ ပါကစ္စတန်ရဲ့ ပစ်မှတ်ထားမှုဟာ တိကျပြီး နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် သေချာစွာ လုပ်ဆောင်ထားပါတယ်” ဟု ဆိုသည်။ “ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးဌာနအနေနဲ့ အချက်အလက်တွေကို မှားယွင်းစွာဖော်ပြတာဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုကို တရားမဝင်ထောက်ပံ့မှုကို ဖုံးကွယ်ပြီး ခံစားချက်တွေကိုနှိုးဆွဖို့ ရည်ရွယ်ပါတယ်။” ဟု ဆိုသည်။

အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ (UN) လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရစ်ချက် ဘန်နက်က ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားသေဆုံးမှုဆိုင်ရာ အစီ ရင်ခံစာအသစ်များကြောင့် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

Ref: bangkokpost.com
ယနေ့ခေတ်

ကဘူးလ်မြို့ရှိ ဆေးရုံကို ပါကစ္စတန်လေကြောင်းတိုက်ခိုက် လူ ၄၀၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.