ရန်ကုန်၊ မတ် ၂၀
ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်တွင် ခရီးသည်တင် Express ကားနှင့် Delivery ကားတို့တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၀ ရက်၊ နံနက် ၆ နာရီခန့်က လှည်ကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊ စစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင် Express ကားနှင့် ပစ္စည်းလိုက်ပို့သည့် Delivery ကားတို့တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“မြို့ရှောင်လမ်းအထွက် အမှတ် (၃) လမ်းထိပ် စစ်ဆေးရေးဂိတ်နားမှာတိုက်တာ။ တစ်စီးက Express ကား၊ တစ်စီးက ပစ္စည်းတွေပို့တဲ့ Delivery ကား။ ပစ္စည်းတွေပို့တဲ့ကားပေါ်က ယောင်္ကျားလေးနှစ်ယောက်သေသွားတယ်။ တစ်ယောက်က အသက် ၃၅ နှစ်နဲ့ တစ်ယောက်က ၂၇ လားမသိဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသားနှစ်၏ ရုပ်အလောင်းများကို ဂရုဏာရှင် လူမှုကူညီရေးအသင်းမှ လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းကလည်း လှည်းကူးမြို့၊ အမှတ်(၂) လမ်းမကြီး၊ အင်းတိုင်ကျေးရွာတွင် ကြိုပို့ကားနှင့် ခရီးသည်တင်ကား မျက်နှာချင်းဆိုင်ဝင်တိုက်ပြီး ကြိုပို့ကားပေါ်လိုက်ပါလာသည့် ၃၃ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦး သေဆုံးကာ၊ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်