ဝါရှင်တန်၊ မတ် ၂၇
အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်မဖွင့်လှစ်ပါက ၎င်း၏စွမ်းအင်စက်ရုံများကို တိုက်ခိုက်ဖျက်ဆီးမည့်နောက်ဆုံးရက်ကို ထပ်မံတိုးမြှင့်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ တီဟီရန်သည် တိုက်ခိုက်မှုကိုအဆုံးသတ်ရန် အချက် ၁၅ ချက်ပါ အမေရိကန်၏အဆိုပြုချက်ကို မတရားဟုပယ်ချပြီးနောက် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သီတင်းလေးပတ်ကြာစစ်ပွဲသည် အရှေ့အလယ်ပိုင်းတစ်ဝှမ်းသို့ ပျံ့နှံ့သွားပြီး လူထောင်ပေါင်းများစွာသေဆုံးကာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကိုထိခိုက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေခဲ့သည်။
သဘောတူညီချက်မရသေးသော အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ တီဟီရန်နှင့်ဆွေးနွေးနေစဉ် အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အပေါ် တိုက်ခိုက်မှုများ စတင်ခဲ့သည်။

ကြာသပတေးနေ့တွင် အိမ်ဖြူတော်၌ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတစ်ခုအတွင်း ထရမ့်က အီရန်နှင့်သဘောတူညီချက်မရရှိပါက ဖိအားတိုးမြှင့်ရန် ခြိမ်းခြောက်ခဲ့သည်။ နောက်ပိုင်းတွင် အီရန်စွမ်းအင်စက်ရုံများအပေါ် ခြိမ်းခြောက်တိုက်ခိုက်မှုများကို ဧပြီလ ၆ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီအထိ ၁၀ ရက်ကြာ ရပ်ဆိုင်းထားမည်ဟု လူမှုကွန် ရက်တွင် ပြောကြားခဲ့သည်။
“ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေပြီး Fake News မီဒီယာနဲ့ တခြားသူတွေရဲ့ မှားယွင်းတဲ့ထုတ်ပြန်ချက်တွေ ရှိနေပေမယ့်လည်း အရမ်းကောင်းပါတယ်” ဟု Truth လူမှုကွန်ရက်တွင် ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
အီရန်က ဝါရှင်တန်နှင့်ဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ထရမ့်ကလည်း အမေရိကန်သည် အီရန်မှမည်သူနှင့် ညှိနှိုင်းနေသည်ကို ဖော်ပြခြင်းမရှိချေ။ အီရန်အဆင့်မြင့်အရာရှိအများအပြား စစ်ပွဲတွင်သေဆုံးခဲ့သည်။
ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုအားလုံးကို ငါးရက်ကြာရပ်ဆိုင်းမည်ဟု မတ်လ ၂၃ ရက်နေ့တွင် ထရမ့်က ကြေညာခဲ့သော်လည်း ယခုအခါ ၁၀ ရက်အထိ တိုးမြှင့်လိုက်သည်။
“အီရန်တွေက စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်မှုတွေ ခုနစ်ရက်ကြာရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တယ်” ဟု ထရမ့် က Fox News ၏ “The Five” အစီအစဉ်တွင် ပြောကြားခဲ့သည်။
တီဟီရန်က ချက်ချင်းတုံ့ပြန်မှုမရှိသော်လည်း Wall Street Journal က ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ကြားဝင်ညှိနှိုင်းရေးမှူးများကို ကိုးကားပြီး အီရန်က တိုက်ခိုက်မှုများကို ၁၀ ရက်ကြာရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းမရှိခဲ့ကြောင်း ပြောကြားသည်။
ထရမ့်သည် ၎င်း၏ခြိမ်းခြောက်မှုအတိုင်း လုပ်ဆောင်မည်ဆိုပါက ပင်လယ်ကွေ့ဒေသမှ စွမ်းအင်စက်ရုံများကို ပြန်လည်တိုက်ခိုက်မည်ဟု အီရန်က တုံ့ပြန်ပြောကြားခဲ့သည်။
Ref: reuters.com
ယနေ့ခေတ်
ဟော်မုဇ်ရေလက်ကြား ပြန်မဖွင့်ပါက အီရန်စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည်ဆိုသည့် ထရမ့်ရာဇသံ ရွှေ့ဆိုင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်