ရန်ကုန်၊ မတ် ၂၈
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းတွင် ၁၂ ဘီးကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီကျော်က ဘုရင့်နောင်တံတားအဆင်း၊ တပ်ထိပ်မှတ်တိုင်တွင် လမ်းဖြတ်ကူးလာသည့် အသက်(၄၅) နှစ်ဝန်းရှိ အမျိုးသမီးကို ၁၂ ဘီးကားက ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားကြောင်း သိရသည်။
“အဲ့ဒီအန်တီနဲ့ ရှစ်နှစ်အရွယ်ကလေးက လမ်းဖြတ်ကူးလာတာတုန်း ၁၂ ဘီးကားက ဝင်ကြိတ်သွားတာ။ ကလေးကတော့ လွတ်သွားတယ်။ သေဆုံးသူရဲပိုင်ရှင်တွေတော့ မပေါ်သေးဘူး။ ယာဉ်မောင်းကိုလည်းမိတယ်။ ယာဉ်မောင်းက ဘယ်မှတော့မပြေးဘူး။ ကားနားမှာပဲရှိတယ်။ ကျွန်တော်တို့အသင်းကားတွေမှာလည်း ဆီကပြတ်နေပေမယ့်လည်း သေဆုံးသူကိုတော့ သွားသယ်ပေးပါတယ်။ သွားရင်နဲ့ဆီပြတ်ရင်တော့ မတတ်နိုင်ဘူးပေါ့နော်။ ရှိသလောက်ဆီနဲ့ အရောက်ပို့ပေးလိုက်ပါတယ်။” ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသမီး၏ရုပ်အလောင်ကို မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုမှ ယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မေတ္တာအလင်းရောင်လူမှုကူညီရေးအသင်း
ယနေ့ခေတ်
ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်