အီရန်ကဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား လွတ်မြောက်လာကြောင်း တိုကျို အတည်ပြု

တိုကျို၊ ဧပြီ ၇

ဇန်နဝါရီလကတည်းက ဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားတစ်ဦးကို အီရန်က ပြန်လွှတ်ပေးလိုက်သည်ဟု တိုကျိုက အင်္ဂါနေ့တွင်ပြောကြားခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူသည် တီဟီရန်ရှိ NHK ရုပ်သံဌာန၏ အကြီးအကဲဖြစ်သည်ဟု ယုံကြည်ရကြောင်း Kyodo News က ဖော်ပြသည်။

ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံသားတစ်ဦးကို အီရန်ကပြန်လွှတ်ပေးလိုက်ကြောင်း ဂျပန်အစိုးရက ကြေညာပြီးနောက် ယခုအခေါက်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

“ဇန်နဝါရီ ၂၀ ရက်နေ့မှာ အီရန်အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားတစ်ဦးကို ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ အီရန်နိုင်ငံရှိ ဂျပန်သံရုံးကအတည်ပြုပါတယ်” ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက ပြောကြားသည်။

“အီရန်နိုင်ငံရှိ သံအမတ်ကြီးက ပြန်လည်လွှတ်မြောက်လာသူနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုခဲ့ပါတယ်” ဟု ကီဟာရာက သတင်းထောက်များကို ပြောကြားသည်။

အဆိုပါသတင်းကို အတည်ပြုရန် AFP က NHK ကို ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်းမရှိသေးပါ။

ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံရသည့် NHK ဌာနမှူးကို နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားသည်ဟု လူသိများသည့် အကျဉ်းထောင်ကိုပို့လိုက်ကြောင်း မီဒီယာသတင်းများတွင် အစောပိုင်းက ဖော်ပြခဲ့သည်။

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူက ဂျပန်နိုင်ငံသားတစ်ဦးကို အဆိုပါနေ့က ဖမ်းဆီးထားခံထားရကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိခဲ့ချေ။

NHK ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Ref: bangkokpost.com
ယနေ့ခေတ်

အီရန်ကဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသား လွတ်မြောက်လာကြောင်း တိုကျို အတည်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.