စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှု စနစ်သစ်ကြောင့် တစ်ရက်လျှင် ဒေါ်လာ ခြောက်သန်းခန့်သက်သာ ဟုဆို

ရန်ကုန်၊ ဧပြီ ၇

စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုသည် စည်းစနစ်မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးဆီသုံးစွဲမှုကို သိသာစွာလျှော့ချနိုင်ခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ယနေ့ထိ နေ့စဉ် ပျမ်းမျှစက်သုံးဆီသုံးစွဲမှုသည် ၃ ဒသမ ၅၄ ဂါလန်သန်း မှ ၂ ဒသမ ၅ ဂါလန်သန်းသို့ ကျဆင်းလာခဲ့ကြောင်း ယင်းသို့ နေ့စဉ်ပျမ်းမျှသုံးစွဲမှုကို ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် သက်သာစေပြီး အရန်ဆီကို ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းသည် ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်ပြီး၊ စက်သုံးဆီများကို နှစ်စဉ်တန်ချိန် ငါးသန်းခန့် တင်သွင်းနေရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် သုံးစွဲနေရကာ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန် ဒေါ် လာသန်း ၂၀၀၀ ခန့် လျော့နည်းသက်သာလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှစတင်၍ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီအကျပ်အတည်းများ ကြုံတွေ့ခဲ့ရပြီး မတ်လ ၃ ရက်နေ့မှစကာ စုံ ကား၊ မ ကား ခွဲခြားအသုံးပြုမှုကို သက်ဆိုင်ရာက သတ်မှတ်ပေးခဲ့သည်။ မတ်လ ၁၂ ရက်နေ့တွင် QR Code ဖြင့် စက်သုံးဆီဝယ်ယူသည့်စနစ်ကို ပြုလုပ်ခဲ့ပြီး၊ မတ်လ ၂၇ ရက်နေ့တွင် QR Code ဖြင့် ခွဲတန်းအလိုက် ဆီဝယ်ယူခွင့်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

သို့ရာတွင် မော်တော်ယာဉ်အသုံးပြုသူများက ဆီထုတ်ယူခွင့်စနစ်နှင့်ပတ်သက်ပြီး အဆင်ပြေသော်လည်း စုံ/မ ခွဲကာ ကားအသုံးပြုမှု ခွဲခြားထားခြင်းကို ပယ်ဖျက်ပေးစေလိုကြောင်း ပြောကြားချက်များလည်းရှိနေသည်။

“စုံ/မ စနစ်ကြောင့် ဆီအသုံးက သိသိသာသာ မလျော့ကျနိုင်ဘူး၊ နောက်ပြီး ကျနော်ဆို စုံ/မ နှစ်စီးရှိတယ်။ ဒါပေမယ့် စုံ ကားက ဆီစားပိုများလို့ ဖြစ်နိုင်ရင် မ ကားကိုပဲသုံးချင်တာ။ အခုကျတော့ စုံ ရက်မှာ မဖြစ်မနေ ဆီစားများတာကိုသုံးပေးနေရတာ။ တခြားသူတွေအဖို့လည်း သွားရမယ့်ကိစ္စကို စုံ/မ ခွဲထားလို့ အများသုံးစနစ်နဲ့ သွားကြတာမှမဟုတ်တာ၊ နောက်နေ့မှသွားမယ်ဆိုပြီး ချန်ထားတာ၊ လစ်မှထွက်တာမျိုးပဲ လုပ်ကြတာလေ။ အဲတော့ အဲဒီစနစ်ကိုတော့ပြောင်းပေးစေချင်ပါတယ်” ဟု ရန်ကုန်မြို့နေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်ကြောင်း၊ ထို့အပြင် မိတ်ဆွေနိုင်ငံများမှ တင်သွင်းရန် ရေရှည်အစီအမံပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ခေတ်
ဓာတ်ပုံ – ယနေ့ခေတ်

စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှု စနစ်သစ်ကြောင့် တစ်ရက်လျှင် ဒေါ်လာ ခြောက်သန်းခန့်သက်သာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.