ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့ လက်မှတ်ရေးထိုး

ရန်ကုန်၊ ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်တွင်တည်ရှိသည့် ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှဝယ်ယူတင်သွင်းနေရပြီး ပြည်တွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

“နိုင်ငံတော်အနေဖြင့် စက်သုံးဆီသုံးစွဲမှု ၉၇ ရာခိုင်နှုန်းကို ဝယ်ယူတင်သွင်းနေရသည်ဖြစ်ရာ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် မိမိတို့ပြည်သူများအနေဖြင့် လွန်စွာခက်ခဲသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းအခက်အခဲများမှ လွတ်မြောက်နိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် ရေနံစိမ်းများကိုလည်း ကိုယ်တိုင်ချက်လုပ်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ရေနံချက်စက်ရုံအသစ်များ ထပ်မံထွက်ပေါ်လာစေရေးအတွက် စီမံဆောင်ရွက်နေပြီး ၁၉၈၂ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်ခြင်း၊ စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်သွားမည်” ဟု ဦးကိုကိုလွင်က ပြောကြားသည်။

ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည် သက်တမ်းနှစ် ၅၀ ခန့်ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုနိုင်မှု၊ သင့်လျော်သည့် စက်ပစ္စည်းကိရိ ယာ ‌ရွေးချယ်အသုံးပြုနိုင်မှု၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှု စသည့်လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် အ သင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ရှာပင်ရေနံမြေသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်အတွင်းတည်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိနိုင်သော သဲကြောပေါင်း (၂၀) ခုကို ၁၉၇၈ ခုနှစ်မှစ တင်၍ ယခုအချိန်ထိ တူးဖော်ပြီးတွင်းပေါင်း (၈၈၄) တွင်းနှင့် ၂၀၁၉ ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူနေသော တွင်းပေါင်း (၁၂၄) တွင်းမှ တစ်ရက်လျှင် ရေနံစိမ်း (၄၄၀) စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ (၀.၀၄၅) ကုဗပေသန်းခန့် ထုတ်ယူရရှိခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ခေတ်
ဓာတ်ပုံ – MOPE

ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့ လက်မှတ်ရေးထိုး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.