ရန်ကုန်၊ ဇူလိုင် ၁
ရန်ကုန်မြို့ ကန်တော်ကြီးအတွင်း ကျူးကျော်နေထိုင်နေသည့် ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း အဆိုပါနေရာတွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရ သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကန်တော်ကြီးမျှော်စင်ကျွန်းဘက်ရှိ ချစ်သူကျွန်းနားတွင် ကျူးကျော်တဲများဖြင့်နေထိုင်နေသည်ကို လူမှုကွန်ရက်တွင် ဓာတ်ပုံများပျံ့နှံ့လာသည်ကို တွေ့ရသည်။ အဆိုပါကျူးကျော်တဲများရှိနေသည်မှာ နှစ်ချီနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက မကြာခဏလာရောက်ရှင်းလင်းသော်လည်း ပြန်ပြန်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ကျူးကျော်တဲတွေက ၅ လုံးလောက်ရှိတယ်။ အဓိက ပိုက်ချတဲ့သူတွေနေတယ်။ ပြီးတော့ ဆေးသမားတွေလည်းရှိတယ်။ ခိုးဆိုးလုနှိုက်တွေလည်းပေါတယ်။ အဲဒီ သူတို့နေတဲ့နေရာနားက မကြာခဏလုယက်မှုဖြစ်တယ်။ လုတာတောင် နိုင်ငံခြားဇာတ်ကားတွေထဲကလိုလုပ်တာ။ လူတစ်ကိုယ်လုံးကိုတိတ်တွေနဲ့ပတ်ပြီး သစ်ပင်မှာချည်တာတွေ၊ ပြီးရင်လူသတ်ပြီး ရေထဲပစ်ချတာ အဲဒါမျိုးတွေလုပ်တယ်။ ညနေ ၆ နာရီနောက်ပိုင်းဆိုရင် ချစ်သူကျွန်းနားကတံခါးကို ပိတ်ထားရတယ်။ တော်တော်ဆိုးတာ” ဟု ကန်တော်ကြီးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါကျူးကျော်တဲများကို မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ဇွန် ၂၈ ရက်တွင် လာရောက်ရှင်းလင်းသွားကြောင်း သိရသည်။
ကန်တော်ကြီးမျှော်စင်ကျွန်းအတွင်းရှိ ချစ်သူကျွန်းအနီးတွင် ပိုင်ရှင်မဲ့အလောင်းများ မကြာခဏတွေ့ရသလို ညနေမှောင်ရီပျိုးစအချိန်တွင်လည်း မကြာခဏလူယက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်၊ လူမှုကွန်ရက်
#ယနေ့ခေတ်
ကန်တော်ကြီးအတွင်းရှိ ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်