ဖနွမ်းပင်၊ ဩဂုတ် ၁
ဒေါ်နယ်ထရန့်သည် မကြာသေးမီက ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ နယ်နိမိတ်ပဋိပက္ခကိုရပ်တန့်ရန် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားလက်ထောက်ဝန်ကြီးချုပ်က သောကြာနေ့တွင် ပြောကြားသည်။
ဒေါ်နယ်ထရန့်အား နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမည့်အစီအစဉ်ကို အတည်ပြုရန် မက်ဆေ့ခ်ျမှတစ်ဆင့်မေးမြန်းရာ ကမ္ဘောဒီးယားလက်ထောက်ဝန် ကြီးချုပ် Sun Chanthol က “ဟုတ်ကဲ့” ဟု တုံ့ပြန်ခဲ့သည်။
Sun Chanthol က ငြိမ်းချမ်းရေးယူဆောင်လာပေးတဲ့အတွက် ထရမ့်ကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ နိုင်ငံအချင်းချင်း မိတ်သဟာယဖွဲ့ဖို့ အကောင်းဆုံးလုပ်ဆောင်ခဲ့သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပေးအပ်သည့် နိုင်ငံတကာအမြင့်ဆုံးဆုအတွက် အမည်စာရင်းတင်သွင်းခံရဖို့ ထိုက်တန်သည်ဟု ဖနွမ်းပင်တွင် သတင်းထောက်များကို ပြောကြားသည်။
အိန္ဒိယနှင့်ပဋိပက္ခကိုဖြေရှင်းရာတွင် ကူညီပေးခဲ့သည့်ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမည်ဟု ပါကစ္စတန်က ဇွန်လတွင်ပြောကြားခဲ့ပြီး၊ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခဲ့ကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့သည်။
ထရမ့်သည် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနှင့် ကမ္ဘောဒီးယားကိုဖုန်းခေါ်ဆိုပြီး နှစ်နိုင်ငံတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက ကုန်သွယ်ရေးဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဆယ်စုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲများ အဆုံးသတ်ရေးကြိုးပမ်းမှုတွင် မသေချာမရေရာဖြစ်ခဲ့ရာက တနင်္လာနေ့တွင် မလေးရှား၌ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှု ဖြစ်ပေါ်လာခဲ့သည်။
“သူ့ကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးပါ” ဟု အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကာရိုလိုင်း လီယာဗစ်က X တွင် ရေးသားခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ ငါးရက်ကြာ ပြင်း ထန်သောတိုက်ပွဲများတွင် အနည်းဆုံး ၄၃ ဦးသေဆုံးပြီး နယ်စပ်နှစ်ဖက်စလုံးတွင် လူ ၃၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
“ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ကြီးကျယ်တဲ့ကြိုးပမ်းမှုတွေကို ကျွန်တော်တို့အသိအမှတ်ပြုပါတယ်” ဟု ကမ္ဘောဒီးယားထိပ်တန်းကုန်သွယ်ရေးညှိနှိုင်းရေးမှူးလည်းဖြစ်သည့် Sun Chanthol က ပြောကြားပြီး ၎င်းတို့နိုင်ငံကို အခွန်နှုန်းထား ၁၉ ရာခိုင်နှုန်းသို့ လျှော့ချပေးသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
Credit: bangkokpost.com
#ယနေ့ခေတ်
ကမ္ဘောဒီးယားသည် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဒေါ်နယ်ထရမ့်ကို အမည်စာရင်းတင်သွင်းမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်