ရန်ကုန်၊ မတ်လ ၂၂
စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးတွင် တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရပြီး နေရပ်သို့မပြန်နိုင်သေးသူများရှိနေကြောင်း သိရသည်။
ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစ၍ နလအတပ်နှင့် KIA, PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တစ်မြို့နီးလုံးပါး စစ်ရှောင်နေရပြီး နေရပ်သို့မပြန်နိုင်သေးကြောင်း သိရသည်။
“ဦးဇင်းတို့တောင် မြစ်ကြီးနာဘက်ကို စစ်ရှောင်နေရတာ နှစ်လကျော်လောက်ကြာပြီ။ ကသာထဲမှာ ဘာမှကိုမရှိတော့တာ။ စစ်ရှောင်တွေက ကသာထဲကို ပြန်မဝင်ရဲကြသေးဘူး။ ပြန်ဝင်တဲ့သူတွေလည်း မရှိဘူး။ ဟိုရက်က စစ်ရှောင်တွေပြန်ဝင်တယ်ဆိုတာလည်း မဟုတ်ဘူး။ ဘယ်သူမှကို မဝင်ရဲကြတာ။ တိုက်ပွဲကလည်းဖြစ်နေတာဆိုတော့။” ဟု ကသာမြို့မှ စစ်ရှောင်သွားသည့် ဦးဇင်းတစ်ပါးက ယနေ့ခေတ်သို့ မိန့်ကြားသည်။
ကသာမြိုတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေတောက်ကြောင်း သိရသည်။
“ကသာထဲကို ဘယ်ကိုမှ ဆက်သွယ်မရဘူး။ ရှိတဲ့သူတွေရော အနီးအနားစစ်ရှောင်သွားသူကိုရော ဆက်သွယ်ဖို့ခက်တယ်။ အခုလောလောဆယ်တော့။ နီးစပ်ရာကိုရှောင်တဲ့သူတွေပဲရှိတယ်။” ဟု ကသာမြို့နှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မတ်လ ၂၀ ရက်က ကသာမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်များခိုလှုံနေသည့် မဟာလေးထပ်ဘုန်းကြီးကျောင်းကိုထိမှန်ကာ သံဃာတော်အချို့နှင့် စစ်ဘေးရှောင်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းကတော့ မီးလောင်ပြီး ပျက်စီးသွားတယ်။ အဲ့ဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေလည်းနေတယ်။ စစ်ရှောင်တွေတော့များတယ်။ ကျောင်းကြီးက လေးထပ်ဆိုတော့။ သံဃာတော်တွေလည်း ပျံလွန်တယ်မူတယ်လို့ သိရတယ်။ ဘယ်နှစ်ပါလည်းဆိုတာတော့ မသိရဘူး။ စစ်ရှောင်တွေမှာတော့ အသက်ကြီးပိုင်းတွေကိုထိတယ် ကြားတယ်။ ကြားရတာတော့စိတ်မကောင်းဘူး။ မီးလောင်နေတဲ့မြင်ကွင်းကြီးကိုမြင်ရတော့။ “ဟု ကသာမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်မှစ၍ ကသာမြို့တွင် နှစ်ဖက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက်၊ ဒီဇင် ဘာ ၃၀ ရက်၊ နံနက် ၉ နာရီမှာစတင်ကာ ကသာမြို့ခံများ စစ်ရှောင်သွားကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့တို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ယနေ့အချိန်ထိ သိမ်းပိုက်ထားကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ကွတ်ခိုင်မြို့တွင် TNLA နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်၊ မတ်လ ၁၅ ရက်၊ ညနေပိုင်းက MNDAA တပ်မှပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရ သည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ / ကသာမြို့ရှိ လေးထပ်ကျောင်းကို လက်နက်ထိမှန်ကာ မီးလောင်နေပုံ
ယနေ့ခေတ်
ကသာတွင် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရပြီး နေရမပြန်နိုင်သေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်