ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကစ္ဆပနဒီတံတားပျက်စီး၊ ငါးဦးသေဆုံး ဟုဆို

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကစ္ဆပနဒီတံတားပျက်စီးခဲ့ပြီး၊ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၂ ရက်၊ ည ၁၁ နာရီကျော်က ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများဖြတ်သန်းသွားလာနေသည့် ကစ္ဆပနဒီတံတားပျက်စီးခဲ့ပြီး၊ ဒေသခံငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဟိုဘက်ကမ်းဘက်ကကြားရတယ်။ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကြားမှာ မြစ်ပဲခြားတယ်။ တံတားပေါက်သွားတယ်လို့ပြောတယ်။ ဒေသခံငါးဦးသေတယ်။ အခု တံတားကပေါက်သွားတော့ ဆိုင်ကယ်နဲ့ ဟိုက်ဂျက်လောက်ပဲ သွားလို့ရတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါတံတားပျက်စီးခဲ့ခြင်းကြောင့် ကားကြီးများသွားရန် အခက်အခဲဖြစ်ပေါ်နေပြီး၊ ကုန်ကားအသေးများသာ သွားလာခွင့်ပြုထားကြောင်း သိရသည်။

“လောလောဆယ်တော့ ကားကြီးတွေသွားမရသေးဘူး။ အရင်ကသွားလာလို့ရတယ်။ အခုက ကုန်းကားအသေးတွေလောက်ပဲရတယ်။ ကားပေါ်လူပါရင် လမ်းဆင်းလျှောက်ရတယ်။ မောင်းတဲ့သူပဲ ကားပေါ်နေရတယ်။ တံတားက ပေါက်သွားတာဆိုတော့ ဖြေးဖြေးချင်းပဲသွားရတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီကျော်ကလည်း ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက်နှင့် မြောက်ဦးမြို့အတွင်း စစ်ဘေးရှောင်များနေထိုင်သည့် အလယ်စျေးရပ်ကွက်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ၁၀ ဦးကျော် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

မတ်လဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်တော်နှင့် ပေါက်တော့မြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်နေပြီး၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

ထို့အပြင် မတ်လ ၇ ရက်၊ နံနက် ၇ နာရီကျော်ကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကုတင် ၅၀၀ ဆေးရုံ၊ အ.ထ.က (၄) ကျောင်းနှင့် စည်ပင်ဆည်မြောင်းရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ AA က မြောက်ဦးမြို့ကို ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို AA ကထိန်းချုပ်ထားကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်

ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကစ္ဆပနဒီတံတားပျက်စီး၊ ငါးဦးသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.