ရန်ကုန်၊ ဧပြီ ၂၅
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခိုက်နေကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ဧပြီလ၂၅ ရက်၊ နေ့လယ်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကျဆင်ကာ လေပြင်းများတိုက်ခိုက်နေကြောင်း သိရသည်။
“မိုးကတော့ရွာတာ အရမ်းပဲ။ တချို့နေရာတွေဆို မိုးသီးတွေကျတယ်။ စိုးရိမ်ရတဲ့အခြေနေထိတော့ မရှိပါဘူး။ ကျောက်မဲဆို တစ်မြိုးလုံးလိုလို ရွာမယ်ထင်တယ်။ ရာသီဥတုတော့ အေးသွားတာပေါ့။ လေးကတော့ ကြမ်းတယ်ပြောရမယ်။ လေလည်းတိုက် မိုးကလည်းများတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ယနေ့ နေ့လည် ၂ နာရီကျော်က မိုးသည်ထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်တွင် ယနေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့သည် ယနေ့ ညနေ ၅ နာရီအထိ၊ မိုးတိမ်တိုက်များ အားအကောင်းဆုံးဖြစ်နေသည့် ဒေသဖြစ်ပြီး၊ အထူးသဖြင့် လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် ရှမ်းတောင်ပိုင်းရှိ၊ တောင်ကြီး၊ လွိုင်လင်တစ်ဝိုက်တို့တွင် မိုးပြင်းထန်စွာရွာသွန်းနိုင်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ပြည်နယ်တောင်ပိုင်း (ဗန်းမော်၊ ရွှေကူ) တစ်ဝိုက်တို့တွင် မိုးတိမ်တိုက်များ ပိုမိုသိပ်သည်းလာပြီး မိုးအသင့်အတင့်မှ အားကောင်းလာနိုင်ကြောင်း မိုးလေဝသပညာ ရှင် ဦးဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့နံနက် ၇ နာရီက ထုတ်ပြန်ထားကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ ကျောက်မဲမြို့/ MFSD
ယနေ့ခေတ်
ကျောက်မဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်