ရန်ကုန်၊ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အပါအဝင် ခြောက်ဦးသေဆုံးပြီး၊ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃၀ ရက်၊ ယနေ့နံနက် ၁၂ နာရီကျော်က TNLA ထိန်းချုပ်ထားသည့် ရပ်ကွက်(၂)တွင် လေကြောင်းတိုက် ခိုက်မှုကြောင့် ဗန်းမော်မှစစ်ရှောင်လာသည့် မြေးအဖွားနှစ်ဦးအပါ အဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ပြီး၊ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဟိုတည်ရဲ့မြောက်ဘက်က ကပ်နေတဲ့တစ်လုံးလည်း ပျက်စီးတယ်။ ကပ်နေတဲ့အိမ်ကက ဗန်းမော်ကနေစစ်ရှောင်လာတဲ့ မြေးအဖွားနှစ်ဦးလည်း သေဆုံးတယ်။ မိသားစုဝင်တချို့လည်း ထိခိုက်ဒဏ်ရာရတယ်။ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကလေးငယ်အပါအဝင် စုစုပေါင်းခြောက်ဦးသေဆုံးပြီး။ ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဟိုတယ်နှင့်နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို TNLA တပ်ဖွဲ့က ထိန်းချုပ်ပြီးနောက် ယနေ့အပါအဝင် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပေါ်ခဲ့ပြီး အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။
ယခုအခါ နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
#ယနေ့ခေတ်
ကွတ်ခိုင်တွင် လေကြာင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အပါအဝင် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်