စစ်မှုထမ်းအသက်အရွယ်တွင်အကျုံးဝင်သူများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ပင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း စစ်မှုထမ်းအသက်အရွယ်တွင်အကျုံးဝင်သည့် အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်မရှိတော့ကြောင်း ‌တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူ၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူများသည် စစ်မှုထမ်းဆောင်ရမည်ဟု သတ်မှတ်ထားသည်။

ထို့ပြင် နည်းဥပဒေ အထွေထွေအခန်း၊ ပုဒ်မ-၅၁ တွင် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိစေရဟု ဖော်ပြထားသလို၊ ပုဒ်မ-၅၀ တွင်လည်း ဆေးစစ်အောင်မြင်ပြီးသူမျာသည် စစ်မှုထမ်းမှကင်းလွတ်ခွင့်ပြုရန်၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးရန်၊ ရွှေ့ဆိုင်းပေးရန် လျှောက်ထားချိန် ဗဟိုအဖွဲ့၏ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။

“ PJ တွေကို လုံးဝကန့်သတ်လိုက်တာ။ အလုပ်လုပ်လုပ်ခွင့်မရှိဘူး။ အလည်အပတ်အနေနဲ့သွားမယ်ဆိုရင်ရတယ်။ ဒါလည်း ခိုင်လုံတဲ့သက်သေရှိရမယ်။ OWIC ကတော့ မနက်ဖြန်ကစပြီးရပ်ဆိုင်းမယ်။ PV တွေကိုလည်း လေဆိပ်ကစစ်ဆေးမယ်။ မသင်္ကာရင်ပေးမသွားဘူး။” ဟု တပ်တွင်းအရာရှိတစ်ဦးက ‌ယနေ့ခေတ်သို့ ပြောသည်။

ထိုကဲ့သို့ ပြည်ပထွက်ခွင့် ပိတ်ပင်မှုများကြောင့် တရားမဝင်လမ်းကြောင်းမှတဆင့် ပြည်ပထွက်သူများ ယခင်ထက်ပိုများလာနိုင်ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများစစ်မှုထမ်းရန်အကျုံးဝင်သော်လည်း အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

#စုစု

ဓာတ်ပုံ – (ပုံဟောင်း)

#ယနေ့ခေတ်

စစ်မှုထမ်းအသက်အရွယ်တွင်အကျုံးဝင်သူများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.