စစ်ရေးပဋိပက္ခကြား ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ

နေပြည်တော်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများအတွင်း ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ ပြည်တွင်းစစ်နှင့် ကျယ်ပြန့်သောပဋိပက္ခများအတွင်း တင်းကျပ်စွာထိန်းချုပ်ထားသော နိုင်ငံရေးလုပ်ငန်းစဉ်များအောက်တွင် ခိုင်မာသောရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် မဲပေးမှုအဆင့်အားလုံးကို လွှမ်းမိုးထားပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော်နှစ်ရပ်လုံးတွင် အများစုအနိုင်ရရှိခဲ့သည်။ ကြာသပတေးနေ့နှင့် သောကြာနေ့တွင်ထုတ်ပြန်ခဲ့သော ရလဒ်များအရ အောက်လွှတ်တော်တွင် လစ်လပ်နေရာ ၂၆၃ နေရာအနက် ၂၃၂ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ကြေ ညာထားသော ၁၅၇ နေရာအနက် ၁၀၉ နေရာ ရရှိခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာနိုင်ငံသည် နိုင်ငံရေးမငြိမ်မသက်မှုများ ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများနှင့် တစ်နိုင်ငံလုံးနီးပါး လက်နက်ိကိုင်ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ လူပေါင်း ၃.၆ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အဖွဲ့ဝင် ၁၁ နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ယင်းလုပ်ငန်းစဉ်ကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်နိုင်ငံအချို့ကလည်း ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုတ်ချခဲ့ကြသည်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတကာ ပြည်သူလူထုကထောက်ခံကြောင်း အခိုင်အမာပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြားပါတီများစွာနှင့်အတူ ဖျက်သိမ်းခဲ့ပြီး၊ ၎င်းတို့အများစုက ရွေးကောက်ပွဲတွင်ပါဝင်ရန် ငြင်းဆိုခဲ့သည်။ ယင်းလုပ်ငန်းစဉ်သည် စစ်အုပ်ချုပ်ရေးကို ခိုင်မာစေရန်ရည်ရွယ်သည်ဟု ဝေဖန်သူများက ဆိုကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲများကို တည်ငြိမ်မှုဆီသို့ ဦးတည်သော ခြေလှမ်းတစ်ခုအဖြစ် ပြောကြားခဲ့ပြီး ပြိုင်ဘက်များနှင့် နိုင်ငံခြားအစိုးရများ၏ ဝေဖန်မှုများကို ငြင်းပယ်ခဲ့သည်။ နိုင်ငံတော်၏တာဝန်ဝတ္တရားများကို ရွေးကောက်တင်မြှောက်ခံရသောအစိုးရထံ လွှဲပြောင်းပေးမည်ဟု အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲများပြုလုပ်ခဲ့ပြီး အချို့မြို့နယ်များသည် အစိုးရ၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် မရှိပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ဒေသခံခုခံရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသများစွာတွင် မဲပေးခွင့်ကို ဖျက်သိမ်းခဲ့သည်။

Ref: bangkokpost.com
ဓာတ်ပုံ- သတင်းမှန်ပြန်ကြားရေး
#ယနေ့ခေတ်

စစ်ရေးပဋိပက္ခကြား ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.