စပိန်နိုင်ငံထုတ် DEMU ရထားများ မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU ရထားများဖြင့် ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်)မှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ရထားခရီးစဉ်လမ်းကြောင်းများသည် ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု၊ စုစုပေါင်းလမ်းကြောင်း ၁၄ ခုအထိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“အစက နိုဝင်ဘာလဆန်းပိုင်းမှာ ပြေးဆွဲဖို့လုပ်ထားတာ။ လမ်းပိုင်းအဆင့်မြှင့်တင်မှုကမပြီးသေးတော့ နည်းနည်းလေးကြာသွားတာ။ ဒီရထားသစ်ပေါ်မှာ ဈေးသည်တွေကိုတော့ ရောင်းချခွင့်မပြုဘူး။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ရထားစီးနင်းခအနေဖြင့် ၃၃ ဘူတာရှိ မြို့တပတ်စာကို မြန်မာငွေ ၈၀၀ ကျပ်၊ ၁၅ ဘူတာကို မြန်မာငွေ ၄၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး၊ ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံဘက်သို့ မနက် ၇ နာရီ ၅ မိနစ်မှ စတင်ထွက်ခွာမည်ဖြစ်ကာ အင်းစိန်ဘူတာ လက်ယာရစ်သို့ မနက် ၈ နာရီ ၃၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲနေသည့် ဂျပန်ထုတ် RBE တွဲများကို ရန်ကုန်-လှော်ကားလမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

စပိန်နိုင်ငံထုတ် DEMU ရထားများ မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.