ရန်ကုန်၊ မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့တွင် ယမန်နေ့က မပေါက်ကွဲသေးသည့်ဗုံးကို ထုရိုက်မိ၍ ပေါက်ကွဲရာမှ ကလေးတစ်ဦးအပါအဝင် လေးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (မေ ၁၆ ရက်)၊ နံနက် ၉ နာရီခွဲဝန်းကျင်က ဆီဆိုင်မြို့၊ သီရိရပ်ကွက်၊ နယ်မြေ (၃) ရှိ မီးလောင်ပြင်တွင် သံတိုသံစများအား ကောက်ယူလျက်ရှိစဉ် အသက် ၁၂ နှစ်အရွယ် ကလေးငယ်မှာ မပေါက်ကွဲသေးသည့်ဗုံးကို ထုရိုက်မိရာမှ ပေါက်ကွဲခဲ့၍ ၎င်းအပါအဝင် အနီးတွင်ရှိနေသူလေးဦးတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ သူတို့က မီးလောင်ပြင်က သံတိုသံစတွေကောက်ကြရင်း ကလေးက မပေါက်ကွဲသေးတဲ့ဗုံးကို တူနဲ့သွားထုမိသွားတာ။ ကလေးရယ်၊ သူ့အမေရယ်၊ ဦးလေးရယ်နဲ့ နောက်ထပ်တစ်ဦး စုစုပေါင်းလေးဦး ဒဏ်ရာရတယ်။ ကလေးက ဒဏ်ရာပြင်းထန်တယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဗုံးပေါက်ကွဲ၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တွင် လက်ချောင်းသုံးချောင်းခန့် ပြတ်ရှဒဏ်ရာရရှိကာ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ရောက်ရှိနေပြီး အရေးပေါ်ဆေးကုသနိုင်ရန် ဆေးဝါးစရိတ်လိုအပ်နေကြောင်း သိရသည်။
ကလေးငယ်၏ မိခင်ဖြစ်သူ၊ ဦးလေးနှင့် အခြားအမျိုးသားတစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ရှောင်လျက်ရှိသော ဆီဆိုင်မြို့ခံအချို့မှာ နေရပ်များတွင် ပြန်လည်နေထိုင်လျက်ရှိပြီး မပေါက်ကွဲသေးသောဗုံးများ၊ လက်နက်ကြီးကျည်များနှင့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးမှုများရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
ဆီဆိုင်တွင် ဗုံးကိုထုရိုက်မိ၍ ပေါက်ကွဲရာမှ ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်