ဇေယျာသီရိမြို့နယ်တွင် ယာဉ်တိမ်းမှောက် ခုနှစ်ဦးပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဆိုင်ကယ်ကိုတိမ်းရှောင်ရာမှ အိမ်စီးကားတစ်စီး တိမ်းမှောက်ကာ ခုနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၃ ရက်၊ ညနေပိုင်းက ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မရင်းကြီးကျေးရွာရှေ့တွင် အိမ်စီးကားတစ်စီး ဆိုင်ကယ်ကိုတိမ်းရှောင်ရာမှ တိမ်းမှောက်ကာ သံဃာတစ်ပါးအပါအဝင် ခုနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး၊ လေးဦးမှာစိုးရိမ်ရကြောင်း သိရသည်။

“ဆိုင်ကယ်ကိုရှောင်လိုက်တာ။ အိမ်စီးကားက တစ်ပတ်လည်ပြီး မှောက်သွားတာ။ ဆရာတော်တစ်ပါးနဲ့ အမျိုးသားတစ်ယောက်၊ အမျိုးသမီးက ငါးယောက်မှာ စိုးရိမ်ရတာ လေးယောက်တော့ပါတယ်။ ဒဏ်ရာရတာတော့ ကားပေါ်ကလူတွေပါပဲ။ ဆိုင်ကယ်က ဘာမှတော့ဖြစ်မသွားဘူး။ မောင်းထွက်သွားတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများကို ကရုဏာရှင်လူမူကူညီရေးပရဟိတအသင်းက နေပြည်တော် ကုတင် ၃၀၀ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုအပြင် ယနေ့နံပိုင်းက၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ သိုက်ချောင်းလမ်းစုံမီးပွိုင့်တွင် ရပ်ထားသည့်ကားကို ဆိုင်ကယ်ကဝင်တိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း
ယနေ့ခေတ်

ဇေယျာသီရိမြို့နယ်တွင် ယာဉ်တိမ်းမှောက် ခုနှစ်ဦးပြင်းထန်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.