ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃၁ ရက်၊ တစ်ရက်တာ ပယ်ဖျက်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရ သည်။
2025 Countdown Festival ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးနှင့် ရန်ကုန်တိုင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန်တစ်ရက်ကိုတော့ ညမထွက်ရအမိန့် ပယ်ဖျက်ပေးထားတယ်။ ဒါကလည်း ပျော်တဲ့သူတွေကို လွတ်လွတ်လပ်လပ်ပျော်စေချင်လို့ပါ။ နောက်ရက်တွေကျရင်တော့ ပုံမှန်အတိုင်းပါပဲ။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ ပယ်ဖျက်ပေးထားကြောင်း သိရသည်။
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်မှလွဲ၍ ကျန်သည့် ၃၁ မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ယင်းကန့်သတ်တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ မြို့နယ် ၃၁ မြို့နယ်ကို မနက် ၁ နာရီမှ ၃ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး၊ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များကို ယခင်ကထုတ်ပြန်ထားသည့် မနက် ၁ နာရီမှ ၃ နာရီအတွင်း ညမထွက်ရအမိန့်အစား ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ – #စုစု
ညမထွက်ရအမိန့် တစ်ရက်တာပယ်ဖျက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်