ရန်ကုန်၊ ဧပြီ ၂၂
မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထနောင်းပင်လဲကျကာ နေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၂ ရက်၊ နံနက်ပိုင်းက ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ သိကြားရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပင်စည်လုံးပတ် ၃ ပေခန့်၊ အမြင့်ပေ ၄၀ ခန့်ရှိ ထနောင်းပင်လဲကျကာ နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတွေတော့မရှိပါဘူး။ အိမ်မှာတော့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်နေတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး။ နေအိမ်ကတော့ပျက်စီးသွားတယ်။ ညောင်းဦးမှာက လေတိုက်လို့သစ်ပင်လဲပြီး နေအိမ်ပြိုတာတော့ ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။” ဟု ညောင်းဦးမီးသတ်သတ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်လဲသည့်နေရာကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်ကူညီရှင်းလင်းခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၁ ရက်နေ့ကလည်း၊ ညောင်ဦးမြို့၊ (၅) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် သက်တမ်းနှစ် ၃၀ ကျော်ရှိသည့် ထနောင်းပင်ကြီးအချို့ လဲကျခဲ့ကြောင်း သိရသည်။
မနက်ဖြန် နံနက်အထိ မိုး/ဇလ၏ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ယနေ့ နေ့လည် ၂ နာရီတွင် မိုး/ဇလမှ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် ယနေ့ နေ့လည် ၂ နာရီတွင် မိုး/ဇလမှ ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ညောင်ဦးမီးသတ်
ယနေ့ခေတ်
ညောင်ဦးတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျကာ နေအိမ်တစ်လုံးပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်