ရန်ကုန်၊ မေ ၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် လျှပ်စစ်ဝါယာကြို့အပူလွန်ကဲရာမှတဆင့် နေအိမ် ၁၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ မီးဘေးသင့်သူ ၄၃ ဦးရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၃၀ ရက်၊ ည ၉ နာရီကျော်က ညောင်ဦးမြို့၊ ပုဂံနယ်မြေ၊ ဂန့်ဂါရပ်ကွက်တွင် ဓာတ်တိုင်မှတဆင့် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာ နေအိမ် ၁၁ လုံးမီးလောင်ကျွမ်းခဲ့ပြီး၊ မီးဘေးသင့်ခဲ့သူ ကလေးငယ်များအပါအဝင် ၄၃ ဦးရှိခဲ့ကြောင်း သိရသည်။
“ထန်းလက်နဲ့မို့ထားတဲ့ နေအိမ်ရဲ့အဖီအဆောင်က ဓာတ်တိုင်နဲ့ကပ်နေတော့ ဓာတ်တိုင်ကနေ မီတာပေါက်နဲ့ သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးကနေ အပူလွန်ကဲပြီး စလောင်တာပါ။ နေအိမ်စုစုပေါင်း ၁၁ လုံးလောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်းသုံးဆယ်ကျော်တော့ရှိတယ်။ မီးသင့်တာက အမျိုးသမီး၊ အမျိုးသားစုစုပေါင်း ၄၃ ယောက်ရှိပါတယ်။ လတ်တလော အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့သူတွေကတော့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ နေကြပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆမူကြောင့် မီးလောင်မှုဖြစ်ပေါ်စေခဲ့သည့်အိမ်မှ အမျိုးသားနှင့် အမျိုးသမီးကို သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
မီးလောင်မှုသည် ည ၉ နာရီ ၂၅ မိနစ်က စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၁၀ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်မှုကို ညောင်ဦးမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၈ ရက်၊ နံနက် ၅ နာရီကျော်ကလည်း သံဖြူဇရပ်မြို့၊ ကရုပ္ပိကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်ကိုးလုံး မီးကူးဆက်လောင်ကျွမ်းခဲပြီး၊ လူ ၃၀ ကျော်မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ညောင်ဦးမီးသတ်
ယနေ့ခေတ်
ညောင်ဦးမြို့တွင် နေအိမ် ၁၁ လုံးမီးလောင်ကျွမ်း၊ မီးဘေးသင့်သူ ၄၃ ဦးရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်