ဝါရှင်တန်၊ ဇူလိုင် ၆
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၅၀ သေဆုံးခဲ့ရပြီးနောက် ကယ်ဆယ်ရေးသမားများသည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် မြစ်ကမ်းဘေးရှိ နွေရာသီစခန်းတစ်ခုမှ ပျောက်ဆုံးနေသည့် မိန်းကလေး ၂၇ ဦးကို ဇူလိုင် ၅ ရက်၊ စနေနေ့တွင် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
ဂွာဒါလူပီမြစ်သည် ၄၅ မိနစ်အတွင်း ၈ မီတာတက်လာပြီး တက္ကဆက်အလယ်ပိုင်းတစ်ခွင်တွင် ရုတ်တရက်ရေလွှမ်းမိုးမှုသတိပေးချက်အများအပြားဖြစ်ပေါ်ခဲ့သည်။ ရာနှင့်ချီနေထိုင်သည့် Kerr ကောင်တီနွေရာသီစခန်းတွင် စောင်များ၊ ဝက်ဝံရုပ်များနှင့် အခြားပစ္စည်းများ ရွှံ့ထဲတွင်ပြန့်ကျဲကာ ကျန်ရစ်ခဲ့သည်။
“Kerr ကောင်တီမှာ သေဆုံးသူ ၄၃ ယောက်ကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ အဲဒီအထဲမှာ လူကြီး ၂၈ ယောက်နဲ့ ကလေး ၁၅ ယောက်ရှိပါတယ်” ဟု ရေဘေးသင့်ဒေသ၏ ရဲအရာရှိ Larry Leitha က ပြောကြားသည်။
အခြားခရိုင်များတွင်လည်း သေဆုံးသူအများအပြားကိုတွေ့ရှိခဲ့ပြီး သေဆုံးသူဦးရေမှာ ၅၀ ဦးအထိရှိလာခဲ့သည်။ တက္ကဆက်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာန အကြီးအကဲ Nim Kidd က လေ၊ မြေပြင်နှင့် ရေအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဂွာဒါလူပီမြစ်တလျောက် ရှာ ဖွေနေကြောင်း ပြောကြားသည်။ “ပျောက်ဆုံးနေသူအားလုံးကို ရှာမတွေ့မချင်း ကျွန်တော်တို့ ဆက်လက်ရှာဖွေသွားမှာပါ” ဟု ၎င်းက ဆိုသည်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က သူသည် ပြည်နယ်သဘာဝဘေးအန္တရာယ်ကြေညာချက်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး၊ သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ဖက်ဒရယ်ဆိုင်ရာအရင်းအမြစ်များကို ထပ်မံတောင်းဆိုထားကြောင်း ပြောကြားသည်။
နာရီပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် အားလပ်ရက်စတင်သည့် ဇူလိုင်လ ၄ ရက်၊ သောကြာနေ့တွင် စတင်ရေကြီးခဲ့သည်။ မိုးပိုလာနိုင်ပြီး အလွန်အကျွံရွာသွန်းမှုကြောင့် မြစ်များ၊ ချောင်းများ၊ အခြားမြေနိမ့်သောနေရာများနှင့် ရေကြီးလေ့ရှိသောနေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နိုင်သည်” ဟု အမျိုးသားမိုးလေဝသဌာနက သတိပေးထားသည်။
ပုံမှန်အားဖြင့်ငြိမ်သက်နေသော ဂွာဒါလူပီမြစ်သည် စနေနေ့က ရုတ်တရက်ရေစီးသန်လာပြီး ရေစီးထဲတွင် အပျက်အစီးများနှင့်ပြည့်နှက်နေသည်။ “ရေက သစ်ပင်တွေရဲ့ထိပ်ကို ရောက်သွားတယ်။ ၁၀ မီတာလောက်ရှိတယ်” ဟု အသက် ၆၁ နှစ်ရှိ ဒေသခံ ဂါရာဒို မာတီနက်စ်က ပြောသည်။ “ကားတွေ၊ အိမ်တွေ မြစ်ထဲရောက်သွားပြီ” ဟု ပြောသည်။
မကြာသေးမီနှစ်များအတွင်း လူသားတို့ကြောင့်ဖြစ်ပေါ်ရသော ရာသီဥတုပြောင်းလဲမှုသည် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းများကဲ့သို့သော ပြင်းထန်သောရာသီဥတုဖြစ် ရပ်များ မကြာခဏ ပိုမိုပြင်းထန်လာမည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။
Ref: CNA
#ယနေ့ခေတ်
တက္ကဆက်ရေဘေးကြောင့် သေဆုံးသူ ၅၀ ဦးအထိ မြင့်တက်လာပြီး နွေရာသီစခန်းမှ မိန်းကလေး ၂၇ ဦး ပျောက်ဆုံးနေဆဲ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်