တစ်လလျှင် ၄၂,၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း မသန်စွမ်းပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက် ရရှိထားပြီးဖြစ်သည့် ကလေးသူငယ်များကို တစ်ဦးလျှင် တစ်လ ၄၂,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ယူနီဆက်မြန်မာက ထုတ်ပြန်ထားသည်။

အဆိုပါ ထောက်ပံ့ကြေးကို “မသန်စွမ်းကလေးသူငယ်ထောက်ပံ့ကြေး လူမှုကာကွယ်စောင့်ရှောက်မှုအစီအစဉ်” တွင်ပါဝင်ကြောင်း ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသူများကိုသာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထောက်ပံ့ကြေးပေးမယ်ဆိုတော့ ဝမ်းသာမိပါတယ်။ ခုခေတ်အခြေအနေမှာ ဒါမျိုးပေးတယ်ဆိုတာ ပိုလိုတောင်ဝမ်းသာပါတယ်။ အရင်ကတော့ ဦးကထီရောင်းပါတယ်။ အခုက မရောင်းရတော့ ကြုံတာလေးတွေလုပ်နေရတယ်။ အောက်ပိုင်းမသန်တော့ ဝှီးချဲလေးနဲ့သွားရတယ်။ ခြေကောင်းလက်ကောင်းတွေတောင် အလုပ်ကအဆင်မပြေတာ။ ကိုယ်တွေဆိုဝေးရောပေါ့။” ဟု မသန်စွမ်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါထောက်ပံ့မှုကို နှစ်လတစ်ကြိမ် Wave Money မှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူထံ တိုက်ရိုက်ပို့ပေးမည်ဖြစ်ပြီး လက်ရှိအတူနေထိုင်သည့် အိမ်ထောင်စုမှ အများဆုံး ၃ ဦးအထိသာ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေကို အဟာရပြည့်ဝမှု၊ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မသန်စွမ်းအထောက်အကူပြုပစ္စည်း/နည်းပညာ၊ အတားအဆီးများဖယ်ရှားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပညာရေးတို့တွင် အကျိုးရှိအောင်သုံးစွဲရန် တိုက်တွန်းထားသည်။

ထောက်ပံ့ကြေးလျှောက်ထားလိုသူများသည် အရေးပေါ်ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၈၈၀၉၁၉၂၁၁၊ ၀၉-၈၈၀၉၁၉၂၁၂၊ ၀၉-၈၈၀၉၁၉၂၁၃ တို့ကို တနင်္လာမှ သောကြာနေ့အထိ နံနက် ၉ နာရီမှ နေ့ လည် ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – ယူနီဆက်မြန်မာ

#ယနေ့ခေတ်

တစ်လလျှင် ၄၂,၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.