ရန်ကုန်၊ စက်တင်ဘာ ၆
နေပြည်တော်၊ တပ်ကုန်းမြို့တွင် သူငယ်ချင်းလေးဦး ရေဆင်းကူးရာမှ G-12 အောင်ထားသူနှစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်၊ ညနေ ၄ နာရီကျော်က တပ်ကုန်းမြို့၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိရေကန်တွင် သူငယ်ချင်းလေးဦး ရေဆင်းချိုးရာမှ အသက် ၁၈ နှစ်ဝန်း ကျင်ရှိ G-12 အောင်ထားသူ အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
“သူငယ်ချင်းငါးယောက်မှာ လေးယောက်က ရေဆင်းချိုးတာ။ ပထမတော့ ရေက သူတို့ရဲ့ ဒူးနဲ့ ခြေသလုံးလောက်ပဲနစ်တာ ရေထဲဆင်းရင်းနဲ့ ရေကအထဲမှာ ဝါးတပြန်လောက်နက်တယ်။ ရေချိုးတာ ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးသုံးယောက်။ ယောင်္ကျားလေးက မိန်းကလေးတစ်ယောက်ကိုတော့ ကယ်နိုင်ခဲ့တယ်။ ကျောင်းသားတွေလို့သိရတယ်။ ရေနစ်ပြီးသေသွားတဲ့ နှစ်ယောက်က G-12 အောင်းပြီးပြီလို့ သိရတယ်။ မိသားစုတွေလည်း သတင်းကြားတော့ ရောက်လာကြတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေဆင်းကူးရာတွင် ရေနစ်သေဆုံးခဲ့သည့် မိန်းကလေးနှစ်ဦး၏ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်မှ ကူညီရှာဖွေရေးများ လုပ်ဆောင်ပေးပြီး၊ တပ်ကုန်းမြို့ နယ် ကုတင် (၁၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၂)၊ ရေချမ်းအိုးတောင်ရွာ၊ ဖက်စွပ်ရေကန်အတွင်း ကလေးသုံးဦးရေဆင်းကစားရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၁၅ ရက်၊ နေ့လည်ပိုင်းကလည်း ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်တွင် မောင်နှမသုံးဦး ရေမြောင်းအတွင်း ရေဆော့ကစားရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်၊ ညနေ့ ၃ နာရီဝန်းကျင်ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာရှိ ကြက်မွေးမြူရေးရေကန်ထဲတွင် အသက်လေးနှစ်အရွယ်နှင့် ငါးနှစ်အရွယ်ရှိ မိန်းကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – MFSD
ယနေ့ခေတ်
တပ်ကုန်းမြို့တွင် သူငယ်ချင်းလေးဦး ရေဆင်းကူးရာမှ G-12 အောင်ထားသူနှစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်