ရန်ကုန်၊ ဇူလိုင် ၂၉
နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလမှ နှိုးဆော်ထားသည်။
မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ ကယားပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့ည ၇ နာရီက ထုတ်ပြန်ထားသည်။
မြန်မာပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေ ပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း သိရသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်၊ ရန်ကုန်မြို့၊နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မိုး/ဇလ
ယနေ့ခေတ်
တိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာနိုင်ဟု မိုး/ဇလမှ ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်