တောင်ငူသို့ ရောက်ရှိလာသည့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ မတ် ၃

ကရင်ပြည်နယ်၊ လိပ်သိုလ်မြို့မှ တောင်ငူမြို့သို့ စစ်ဘေးရှောင်လာသူ ၁၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

မတ်လ ၃ ရက်၊ လိပ်သိုလ်မြို့နှင့်နီးစပ်သည့် ကျေးရွာများမှ တောင်ငူမြို့သို့ စစ်ဘေးရှောင်လာသူ ၁၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“သူတို့စစ်ရှောင်လာတာတော့ ၄၊ ၅ ရက်တော့ရှိပြီ။ တိုက်ပွဲဖြစ်တာတော့ သူရဲ့အနီးဝန်းကျင်ကရွာတွေလို့တော့ပြောတယ်။ သေချာတော့မသိဘူး။ စစ်ရှောင်လာတဲ့လူဦးရေက ၁၀၀၀ တော့ကျော်တယ်။ အဓိကလိုနေတာ စားသောက်ရေးတွေပေါ့နော်။ လူကလည်းများတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

အဆိုပါ စစ်ရှောင်များထဲတွင် ကလေးများ ၆၀၀ နီးပါးပါရှိပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် စောင်၊ ခြင်ထောင်များ၊ နေထိုင်ရာအခင်းများပါလိုအပ်နေကြောင်း သိရသည်။

“ကလေးတွေကတော့များမယ်။ သုံးပုံပုံရင်တစ်ပုံလောက်က ကလေးတွေပါ။ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဆေးဝါးတွေလိုအပ်နေပါတယ်။ စောင်၊ ခြင်ထောင်၊ ဖျာနဲ့ ခေါင်းအုံးတွေလိုအပ်နေပါတယ်။ အခုတော့ တောင်ငူမြို့က ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာထားပါတယ်။” ဟု စစ်ရှောင်များကို ကူညီပေးသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

လိပ်သိုလ်မြို့မှ စစ်ရှောင်လာသူများ လက်တလောလိုအပ်နေအပ်သည့် စားနပ်ရိက္ခာအချို့ကို တောင်ငူမြို့ လူမှုကယ်ဆယ်ရေအသင်းမှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါလ ၇ ရက်နေ့က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်လူဦးရေ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒသမ ၆ သန်း ခန့် နေရပ်စွန့်ခွာပြီး စက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ပိုမိုများပြားလာခဲ့ကြောင်း OCHA Myanmar မှ ထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်

တောင်ငူသို့ ရောက်ရှိလာသည့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.