ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြန်မာတေးသီချင်းများကို ရိုက်ကူးထုတ်လွှင့်ပြသခြင်း မပြုလုပ်မီ ဆင်ဆာအဖွဲ့ထံသို့တင်ပြပြီး ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“ အချို့က လူမှုကွန်ရက်စာမျက်နှာများမှာ မြန်မာတေးသီချင်းတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ဆန့်ကျင်ပြီး ရိုက်ကူးထုတ်လွှင့်နေတာကို တွေ့ရှိရတာကြောင့် ရိုက်ကူးမထုတ်လွှင့်မီ ဆင်ဆာအဖွဲ့ထံတင်ပြပြီး ခွင့်ပြုချက်ရယူဖို့ အသိပေးစာထုတ်ပြန်ရခြင်းဖြစ်ပါတယ်။” ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြန်မာတေးသီချင်းများကို ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူနှင့် သရုပ်ဆောင်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ဟု သတိပေးကြေညာထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာတေးသီချင်းများကို အရုပ်နှင့် အသံထွက်ပေါ်စေလျက် နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများမပြုမီ ဥပဒေများအရ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဆာအဖွဲ့များထံသို့ တင်ပြခြင်းမရှိဘဲ ထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတိပေးချက်အရ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၉၆ ခုနှစ်၊ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပုဒ်မများအရ ချမှတ်ထားသည်ွ မူဝါဒများနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးဖြတ်တောက်ခွင့်ပြုလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – CJ
တေးသီချင်းများအား ဆင်ဆာအဖွဲ့ထံတင်ပြပြီး ခွင့်ပြုချက်ရယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်