တွဲကားဘရိတ်ပေါက်ကာ ကျောင်းဖယ်ရီကားအပါအဝင် ကားလေးစီးတိုက် ၁၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ ညနေပိုင်းတွင် ကားလေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဖယ်ရီကားပေါ်မှ ကလေးငါးဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာအခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ သြဂုတ် ၁၆ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာသစ်၊ အောင်ဆန်းဈေးအနီး၌ ကုန်တင်တွဲကားတစ်စီးမှာ ဘရိတ်ပေါက်၍ တစ်ဖက်ယာဥ်ကြောမှ မောင်းနှင်လာသည့် ကျောင်းဖယ်ရီကားတစ်စီးနှင့် အိမ်စီးကားနှစ်စီးတို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“ကျောင်းကားမောင်းတဲ့သူက ခြေထောက်ညှပ်နေတာလေ၊ တော်တော်လေးထုတ်ရတယ်၊ ကလေးငါးယောက် ထိခိုက်ဒဏ်ရာရတယ်၊ ဆရာဆရာမတွေရောပဲ၊ အားလုံး ၁၇ ယောက်၊ မစိုးရိမ်ရဘူး။ ယာဥ်မောင်းဘဲ ခြေထောက်ဒဏ်ရာနည်းနည်းပြင်းသွားတာ” ဟု ရွှေမေတ္တာအခမဲ့ လူမှုကူညီရေးအသင်းမှ အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုတွင် ကျောင်းဖယ်ရီကားပေါ်မှ ကျောင်းသူ၊ ကျောင်းသား ၅ ဦးနှင့် ဆရာ၊ ဆရာမ ၁၁ ဦး၊ ယာဥ်မောင်းတစ်ဦး စုစုပေါင်း ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။

ထိုထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးမှာ အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း ကလေးငယ်များဖြစ်ပြီး ဒဏ်ရာရရှိသူအားလုံးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – Shwe lei

#ယနေ့ခေတ်

တွဲကားဘရိတ်ပေါက်ကာ ကျောင်းဖယ်ရီကားအပါအဝင် ကားလေးစီးတိုက် ၁၇ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.