အစ္စလာမ်မာဘတ်၊ ဧပြီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်မည့် လက္ခဏာမရှိဘဲ တိုက်ခိုက်မှုများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီးနောက် အီရန်သည် ဗုဒ္ဓဟူးနေ့တွင် ဟော်မုဇ်ရေလက်ကြားရှိ မဟာဗျူဟာကျသော ရေလမ်းကြောင်းကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည်။
အီရန်၏ တစ်စိတ်တစ်ပိုင်းတရားဝင် Tasnim သတင်းဌာနက တော်လှန်ရေးအစောင့်တပ်သည် ရေကြောင်းဆိုင်ရာ ချိုးဖောက်မှုများအတွက် သင်္ဘောနှစ်စင်းကို ဖမ်းဆီးခဲ့ပြီး အီရန် ကမ်းရိုးတန်းသို့ ယူဆောင်ဆောင်ခဲ့ကြောင်း ပြောကြားသည်။ ဖေဖော်ဝါရီလကုန် စစ်ပွဲစတင်ချိန်မှစ၍ အီရန်သည် သင်္ဘောများကိုဖမ်းဆီးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အစောပိုင်းတွင် ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီတစ်ခုက သင်္ဘောသုံးစင်း ပစ်ခတ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထရမ့်သည် အင်္ဂါနေ့နှောင်းပိုင်းက လူမှုကွန်ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး “၎င်းတို့၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက စုစည်းထားသော အဆိုပြုချက်တစ်ခု ထွက်ပေါ်လာသည်အထိ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုကို ရပ်ဆိုင်းထားရန်” ပါကစ္စတန်ကြားဝင်စေ့စပ်ရေးမှူးများ၏ တောင်းဆိုချက်ကို အမေရိကန်က သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမည်ဟု ကြေညာခဲ့သော်လည်း ထရမ့်က အီရန်ကုန်သွယ်ရေးကို ပင်လယ်ရေကြောင်း ပိတ်ဆို့ထားခြင်းကို အမေရိကန်ရေတပ်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောသည်။ အမေရိကန်သည် စနေနေ့တွင် အီရန်ကုန်တင်သင်္ဘောတစ်စင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အင်္ဂါနေ့က အိန္ဒိယသမုဒ္ဒရာမှ အီရန်ရေနံတင်သင်္ဘောကြီးတစ်စင်းပေါ်ကို တက်ရောက်ခဲ့သည်။
အီရန်က အမေရိကန်၏ပိတ်ဆို့မှုကို စစ်ပွဲတစ်ခုဟုယူဆပြီး အမေရိကန်၏ပိတ် ဆို့မှု ဆက်လက်ရှိနေသရွေ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည့် ရေလက်ကြားပိတ်ဆို့မှုကို ရုပ်သိမ်းမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ခဲ့သည့် ပါကစ္စတန်က နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးမည့် အင်္ဂါနေ့နောက်ဆုံးဆွေးနွေးပွဲကို နှစ်ဖက်စလုံးက မတက်ရောက်နိုင်ခဲ့ပြီးနောက် ညှိနှိုင်းရန်ကြိုးစားနေဆဲဖြစ်သည်။
အစ္စလာမာဘတ်ရှိ ဇိမ်ခံဟိုတယ်တစ်ခုကို ဆွေးနွေးပွဲအတွက် စီစဉ်ခဲ့သော်လည်း အီရန်က ဖိတ်ကြားချက်ကို လူသိရှင်ကြားလက်မခံခဲ့သလို ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကလည်း လာရောက်ခြင်းမရှိခဲ့ချေ။
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် ပါကစ္စတန်သတင်းရင်းမြစ်တစ်ခုက ပါကစ္စတန်သည် “ထိုပဋိပက္ခကို ပေါင်းကူးရန် ကြိုးစားလုပ်ဆောင်နေဆဲဖြစ်ပြီး၊ နှစ်ဖက်စလုံး၏ ခံစားလွယ်သော အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ ဆွေးနွေးနေဆဲဖြစ်သည်” ဟု ပြောကြားသည်။
“သူတို့ဘယ်တော့လာနိုင်မလဲဆိုတာ နောက်မှသိရမှာပါ။ အရာအားလုံးက မ ကြာခဏပြောင်းလဲနေတော့ ဘာတွေဖြစ်လာမလဲဆိုတာ ပြောဖို့ခက်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။
ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ထရမ့်၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်အပေါ် အီရန်အကြီးတန်းအရာရှိများက တုံ့ပြန်မှုမရှိခဲ့သော်လည်း တီဟီရန်မှ ကနဦးတုံ့ပြန်မှုအချို့က ထရမ့်၏မှတ်ချက်များကို သံသယဖြင့် ဆက်ဆံနေကြောင်း ညွှန်ပြနေသည်။
အီရန်သည် အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန် မတောင်းဆိုခဲ့ကြောင်းနှင့် အမေရိကန်၏ပိတ်ဆို့မှုကို အင်အားသုံး၍ချိုးဖျက်ရန် အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ကြောင်း Tasnim က ဖော်ပြခဲ့သည်။
အီရန်၏ ဦးဆောင်ညှိနှိုင်းရေးမှူး လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ဖ်၏ အကြံပေးတစ်ဦးက ထရမ့်၏ကြေညာချက်သည် လှည့်စားမှုတစ်ခုဖြစ်နိုင်ကြောင်း ပြောကြားသည်။
ထရမ့်သည် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် နာရီအနည်းငယ်အလိုတွင် အပစ်အခတ်များ ပြန်လည်စတင်ရန် အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး ၎င်း၏စစ်တပ်သည် “ထွက်ခွာရန် အသင့်ဖြစ်နေသည်” ဟု ကြေညာခဲ့သည်။
စစ်ပွဲတစ်လျှောက်လုံးတွင် အီရန်သည် ၎င်း၏ကိုယ်ပိုင်သင်္ဘောများမှလွဲ၍ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းရန်ကြိုးစားသော သင်္ဘောများကို တိုက်ခိုက်ခြင်းဖြင့် ရေလက်ကြားကို ထိထိရောက်ရောက်ပိတ်ထားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် အရည်ပျော်သဘာဝဓာတ်ငွေ့၏ ငါးပုံတစ်ပုံခန့်သည် ရေလမ်းကြောင်းမှတစ်ဆင့် ပုံမှန်အားဖြင့် ဖြတ်သန်းသွားလာလေ့ရှိသည်။
Ref: reuters.com
ယနေ့ခေတ်
ထရမ့်က တိုက်ခိုက်မှုများ ရပ်တန့်ပြီးနောက် ရေလက်ကြားရှိ သင်္ဘောများကို အီရန် ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်