ထရမ့်၏သတိပေးချက် ထွက်ပေါ်လာပြီးနောက် ရေနံစျေးနှုန်းများခုန်တက်

ဟောင်ကောင်၊ ဇွန် ၁၇

အစ္စရေးနှင့် အီရန်တို့ စစ်ရေးပဋိပက္ခမြင့်တက်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တီဟီရန်မြို့ခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့ပြီးနောက် ဇွန်လ ၁၇ နေ့တွင် ဟောင်ကောင်၌ ရေနံစျေးနှုန်းများမြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတက အီရန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်တစ်ခု ပြုလုပ်လိုသည်ဟု ပြောကြားပြီးနောက် စစ်ရေးပဋိပက္ခကို ထိန်းချုပ်နိုင်မည်ဟုယူဆကာ ရှယ်ယာဈေးမြင့်တက်စေမည်ဟု အစောပိုင်းက မျှော်လင့်ခဲ့ကြသည်။

ပြီးခဲ့သောသောကြာနေ့က အီရန်နိုင်ငံအား အစ္စရေး၏တိုက်ခိုက်မှုကြောင့် ရေနံဈေးများမြင့်တက်လာသော်လည်း အရှေ့အလယ်ပိုင်းဒေသအတွင်း တိုက်ပွဲမပြန့်ပွားနိုင်ဟု ကုန် သည်များယူဆသဖြင့် တနင်္လာနေ့တွင် ရေနံစိမ်းဈေး ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

သို့သော် လူ ၁၀ သန်းနီးပါးနေထိုင်ရာ အီရန်မြို့တော်မှ ပြည်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် သမ္မတထရမ့်က ဆိုရှယ်မီဒီယာတွင်ရေးသားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။

“သူတို့ကိုပြောထားတဲ့ သဘောတူညီချက်ကို အီရန်ကလက်မှတ်ထိုးသင့်တယ်” ဟု ထရမ့်က နျူကလီးယားဆွေးနွေးပွဲများကို ရည်ညွှန်းပြောကြားသည်။

“ရှက်စရာကောင်းပြီး လူ့အသက်တွေကို ဖြုန်းတီးလိုက်တာ။ အရှင်းဆုံးပြောရရင် အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်လို့မရနိုင်ဘူးလို့ ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်။ ဒေသခံတွေအားလုံး တီဟီရန်ကနေ ချက်ချင်းရွှေ့ပြောင်းသင့်တယ်။” ဟု ထရမ့်ကဆက်လက်ပြောကြားသည်။

အင်္ဂါနေ့တွင် ရေနံဈေးသည် ၂ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်သွားပြီးနောက် အကျပ်အတည်းများ ဆက်လက်မြင့်တက်လာပါက ကုန်ပစ္စည်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူများက သတိပေးသည်။

ထိုအတောအတွင်း လေယာဉ်တင်သင်္ဘော USS Nimitz သည် ဗီယက်နမ်ခရီးစဉ်ကို ဖျက်သိမ်းပြီး တနင်္လာနေ့တွင် အရှေ့အလယ်ပိုင်းသို့ ထွက်ခွာသွားခဲ့ပြီး နောက်ထပ်စွမ်း ဆောင်ရည်များမြှင့်တင်မည်ဟု ပင်တဂွန်ကကြေညာခဲ့သည်။

အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုသည် အရှေ့အလယ်ပိုင်း၏ မျက်နှာစာအပြောင်းအလဲဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အခိုင်အမာပြောဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၏စစ်ရေးလှုပ်ရှားမှုနှင့် မည်သို့မျှမပတ်သက်ကြောင်း ပြောကြားသော်လည်း ထရမ့်၏ဖုန်းခေါ်ဆိုမှုတစ်ခုဖြင့် စစ်ရေးပဋိပက္ခများကို ရပ်တန့်နိုင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားသည်။

G7 ထိပ်သီးဆွေးနွေးပွဲအတွက် ကနေဒါတွင်ရောက်ရှိနေသည့်ထရမ့်က “ကျွန်တော် ဒီကနေထွက်သွားပြီးတာနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုပြီး အီရန်က သဘောတူညီချက်တစ်ခုလုပ်ချင်တယ်” ဟု ပြောကြားခဲ့ရာ ကုန်သည်များတုန်လှုပ်ခဲ့ကြသည်။

ထရမ့်သည် Rockies အစည်းအဝေးမှ ထွက်ခွာခဲ့ပြီးနောက် “ကျွန်တော်တတ်နိုင်သမျှ မြန်မြန်ပြန်လာလိုပါတယ်။ မနက်ဖြန် ဒီမှာရှိနေချင်ပါတယ်၊ ဒါကို သူတို့နားလည်ပါတယ်၊ ဒါက ရေးကြီးတဲ့ကိစ္စပါ” ဟု သတင်းထောက်များကို ပြောကြားသည်။

အမေရိကန်သည် ပဋိပက္ခတွင်ပါဝင်ခြင်းမရှိသောကြောင့် အီရန်သည် ဝါရှင်တန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရန်ဆန္ဒကို အချက်ပြခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့၏ စီးပွားရေးမှာ ရုန်းကန်နေရသော်လည်း အာရှကုန်သွယ်မှုတွင် တိုကျို၊ ဆစ်ဒနီ၊ ဆိုးလ်၊ စင်္ကာပူနှင့် တိုင်ပေတို့၏ ရှယ်ယာအများစုမှာ ဈေးနှုန်းမြင့်တက်ခဲ့သည်။

“အစ္စရေး-အီရန်စစ်ပွဲသည် ပိုမိုကျယ်ပြန့်သောပဋိပက္ခသို့ တိုးလာနိုင်သည့်လက္ခဏာများမရှိဘဲ နှစ်နိုင်ငံကြားတွင် စွန့်စားရမှုများရှိနေသည်” ဟု National Australia Bank မှ ရိုဒရီဂို ကတ်ထရီက ပြောကြားသည်။

“အီရန်သည် တင်းမာမှုလျှော့ချရေးအတွက် ဆွေးနွေးပွဲများကို လိုလားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အစ္စရေးသည် ဖြေလျော့သွားမည့် အရိပ်အယောင်များ မပြသေးပါ။”

Ref: CNA

#ယနေ့ခေတ်

ထရမ့်၏သတိပေးချက် ထွက်ပေါ်လာပြီးနောက် ရေနံစျေးနှုန်းများခုန်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.