ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅
ဝေးလံခေါင်သီသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် နှာတံပါးသော ရေချိုမိကျောင်းနှစ်ကောင်ကို ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီကတွေ့ရှိခဲ့ကြောင်း အမျိုးသားဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များထိန်းသိမ်းရေးဌာနက သတင်းထုတ်ပြန်သည်။
ညွှန်ကြားရေးမှူး ဆူခီး ဘွန်းဆန်က ဂါရီရယ်နှစ်ကောင်သည် အရွယ်အစားအမျိုးမျိုးရှိပြီး ဇန်နဝါရီလတွင် တောင်ပိုင်းနယ်စပ်ပြည်နယ် နာရသီဝါ့ဒ်တွင် သဘာဝအတိုင်းတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ရှားပါးတွားသွားသတ္တဝါများကို ထိုင်းဘာသာဖြင့် တက်ခ်ဟွန်းဟု လူသိများသည်။
နာရသီဝါ့ဒ်ပြည်နယ် တက်ခ်ဘိုင်ခရိုင်တွင်နေထိုင်သူ နတ်သာဝတ် ယွန်ချုံးသည် တူးမြောင်းတစ်ခုတွင် မီတာသုံးမီတာခန့်ရှည်သော ဂါရီရယ်တစ်ကောင်နှင့်ကြုံတွေ့ခဲ့ပြီး ၎င်းဟုတ်၊ မဟုတ်ဓာတ်ပုံရိုက်ခဲ့ကြောင်း မစ္စတာ ဆူခီးက ပြောကြားသည်။
နောက်ပိုင်းတွင် ဟာလာဘာလာ တောရိုင်းတိရစ္ဆာန် သုတေသနစခန်းမှ အဖွဲ့တစ်ဖွဲ့သည် ထိုဒေသသို့သွားရောက်ခဲ့ပြီး ပထမဆုံးမြင်တွေ့ခဲ့သည့်နေရာအနီးတွင် အရှည် ၁.၅ မီတာခန့်ရှိသော ဂါရီရယ်တစ်ကောင်ကို တွေ့ရှိခဲ့သည်။
“တက်ခ်ဘိုင် ရွှံ့နွံတောရဲ့ ဂေဟစနစ်မှာ အနည်းဆုံး ဂါရီရယ်နှစ်ကောင်ရှိတယ်လို့ အထောက်အထားတွေက ပြသနေပါတယ်။ သူတို့ရဲ့အရွယ်အစားကွဲပြားမှုက အနာဂတ်မှာ အ ကောင်ရေတိုးပွားလာနိုင်တယ်လို့ ညွှန်ပြနေပါတယ်” ဟု မစ္စတာ ဆူခီးက ပြောကြားသည်။
ဂါရီရယ်များ သို့မဟုတ် နှာတံပါးသော ရေချိုမိကျောင်းများ၏ မူလနေထိုင်ရာသည် အရှေ့တောင်အာရှတွင်ဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားနှင့် ဘော်နီယိုကျွန်းများတွင် တွေ့ရှိခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။
လယ်ယာမြေတိုးချဲ့ခြင်း၊ ရေကာတာတည်ဆောက်ခြင်းနှင့် တရားမဝင်အမဲလိုက်ခြင်းတို့ကြောင့် နေရင်းဒေသများ ဆုံးရှုံးခဲ့ရခြင်းကြောင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်း သ ဘာဝမိကျောင်းကောင်ရေ ကျဆင်းသွားခဲ့သည်။
ထိုင်းနိုင်ငံတွင် သုတေသီများသည် ဂါရီရယ်များအကြောင်းနှင့် ဂါရီရယ်မျာ၏ ခြေရာများကိုသာ တွေ့ရှိခဲ့ကြသည်။ မည်သည့်သုတေသီမျှ ၎င်းတို့ကို သဘာဝတွင်မမြင်ဖူးဘဲ ထိုင်းနိုင်ငံတွင် မျိုးသုဉ်းသွားပြီဟု ယူဆခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂသည် ၎င်း၏ Red List တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် စာရင်းသွင်းထားပြီး ကမ္ဘာတစ်ဝှမ်းတွင် မှတ်တမ်းတင်ထားသော ဂါရီရယ် ၂၅၀၀ အောက်သာရှိသည်။
“နာရာသီဝပ်ပြည်နယ်ရှိ အထက်ပိုင်းရွှံ့နွံတောများကိုဖြတ်၍ ပင်လယ်ထဲသို့စီးဆင်းသော အဓိကတူးမြောင်းတစ်ခုတွင် ဂါရီရယ်များကို ရှာဖွေတွေ့ရှိခြင်းက ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှံ့နွံတောများ၏ ဂေဟစနစ်များသည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ၏ နောက်ဆုံးနေထိုင်ရာဖြစ်ရန် လုံလောက်ကောင်းမွန်သော ဂေဟစနစ်ဖြစ်ကြောင်း သက်သေပြနေသည်” ဟု မစ္စတာ ဆူကီးက ပြောကြားသည်။
သုတေသီများသည် ထိုဒေသကို ကင်းလှည့်လေ့လာပြီး ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးကာ ထိန်းသိမ်းရေးအစီအစဉ်တစ်ခုကို ပြင်ဆင်ကြမည်ဟု ၎င်းက ပြောကြားသည်။
Ref: bangkokpost.com
#ယနေ့ခေတ်
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရေချိုမိကျောင်း ပေါ်ထွက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်