ထိုင်းနိုင်ငံရှိ ကလေးသူငယ်စင်တာကို ကားဝင်တိုက်မိပြီး ၁၃ ဦး ဒဏ်ရာရရှိ

ကန်ချနပူရီ၊ ဩဂုတ် ၇

ထိုင်းနိုင်ငံ၊ မြောင်ခရိုင်ရှိ ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာတစ်ခုကို ဩဂုတ် ၇ ရက်၊ သောကြာနေ့ မွန်းလွဲပိုင်းက ကားတစ်စီးဝင်တိုက်မိမှုကြောင့် ကလေး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယနေ့ မွန်းလွဲ ၁၂:၃၀ နာရီခန့်တွင် Kaeng Sian မြို့ရှိ Ban Nong Song က လေးသူငယ်ဖွံ့ဖြိုးရေးစင်တာတွင် မတော်တဆမှုဖြစ်ပွားခဲ့သည်။ ကလေးများသည် နေ့လယ်ခင်း အိပ်စက်နေစဉ် ကားသည် အဆောက်အဦကို ဝင်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကားပေါ်တွင် လူနှစ်ဦးလိုက်ပါလာကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦးအစီရင်ခံစာများအရ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းသည် နှလုံးရောဂါရှိပြီး ယာဉ်သည် စင်တာထဲသို့ကွေ့ဝင်မသွားမီ မေ့မြောသွားခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ကယ်ဆယ်ရေးလုပ်သားများနှင့် အရေးပေါ်တုံ့ပြန်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာသို့ အလျှင်အမြန်သွားရောက်ကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ မတော်တဆမှုဖြစ်ပွားချိန်တွင် ကလေး ၃၄ ဦးသည် စင်တာတွင်တက်ရောက်နေကြောင်း ဆရာတစ်ဦးက ရဲများအားပြောကြားသည်။ ကလေး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကာ အများစုမှာ ဦးခေါင်းဒဏ်ရာများဖြစ်ပြီး ကျန် ၂၁ ဦးမှာ ဒဏ်ရာမရရှိပါ။

Rattanavudh Foundation မှ ဒေသခံကယ်ဆယ်ရေးလုပ်သားများက ဒဏ်ရာရရှိသောကလေးများတွင် ပြင်းထန်သောအခြေအနေမရှိကြောင်း ပြောကြားသည်။

ကလေးများ၏မိဘများက အမှု၏ရှုထောင့်အားလုံးကို ရှင်းလင်းစွာဖော်ပြနိုင်စေရန်အတွက် ယာဉ်မောင်းအား အရက်သောက်ထားခြင်းရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်ရန် ရဲတပ်ဖွဲ့ကို တောင်းဆိုထားသည်။

ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများကို စုဆောင်းနေပြီး မတော်တဆမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်။

Ref: bangkokpost.com
ယနေ့ခေတ်

ထိုင်းနိုင်ငံရှိ ကလေးသူငယ်စင်တာကို ကားဝင်တိုက်မိပြီး ၁၃ ဦး ဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.