ဘန်ကောက်၊ ဧပြီ ၂
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားများစီးနင်းလာသည့် လော်ရီကားသည် ဧပြီ ၁ ရက်နေ့က ဆမ်ခလာဘူရီပြည်နယ်ရှိ လမ်းမပေါ်တွင် တိမ်းမှောက်ခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
လော်ရီကားမောင်းသမားသည် ကားကိုအရှိန်မြင့်မောင်းနှင်လာခဲ့ပြီးနောက် တောင်စောင်းနားရှိကွေ့နားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
အဆိုပါ ကားမတော်တဆမှုသည် Road 323 ကားလမ်းအပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကားတိမ်းမှောက်ခဲ့ပြီးနောက် ကားပေါ်တွင်လိုက်ပါလာသူများ ထွက်ပြေးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
လော်ရီကားအပေါ်တွင် မြန်မာနိုင်ငံသားစုစုပေါင်း ၂၉ ဦးလိုက်ပါလာခဲ့ပြီး ကားအက်ဆီဒန့်ကြောင့် ၁၄ ဦးဒဏ်ရာရခဲ့ကာ ၅ ဦးက စိုးရိမ်ရသောအခြေနေမျိုးတွင်ရှိနေကြောင်း ထိုင်း သတင်းတွင် ဖော်ပြထားသည်။
ကားမတော်တဆဖြစ်ခဲ့ပြီးနောက် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများကို စုံစမ်းမေးမြန်းခဲ့ရာ ၎င်းတို့သည် မတ်လ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံဘက်ခြမ်းသို့ နယ်စပ်မှတစ်ဆင့် တစ်ဦးချင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး စုရပ်ကိုရောက်ရှိချိန်တွင် လော်ရီကားဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားကြောင်း ထိုင်းရဲတပ်ဖွဲမှတာဝန်ရှိသူတစ်ဦးဖြစ်သော ဒီချာရစ် ဖိုကာမိုလ်က ဆိုသည်။
ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ထားချိန်အတွင်း မြန်မာနိုင်ငံသားများလိုက်ပါလာသော လော်ရီကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် လော်ရီကားပေါ်တွင်လိုက်ပါလာသော မြန်မာနိုင်ငံသားအားလုံးကို မိခင်နိုင်ငံသို့ ပြန်ပို့သွားဖွယ်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူက ထပ်မံပြောဆိုထားသည်။
ကောင်းထက်ငွေ
thethaiger.com/news
ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများ လိုက်ပါလာသော လော်ရီကားတိမ်းမှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်