ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀
ပြည်သူ့ပါတီသည် မဲမသမာမှုနှင့်ပတ်သက်၍ သံသယရှိသောမဲဆန္ဒနယ်များ၊ အထူးသဖြင့် လမ်ပန်နှင့် ခွန်ကန်တို့တွင် မဲအရေအတွက်နည်းပါးပြီး မမှန်မကန်မဲအရေအတွက် များပြားစွာမှတ်တမ်းတင်ထားသည့် မဲဆန္ဒနယ်များတွင် မဲပြန်ရေတွက်ရန် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ပါတီခေါင်းဆောင် နာတာဖောင်က မဲအရေအတွက် ထောင်ပေါင်းများစွာ ကွာဟနေပြီး၊ မဲ ၇၀၀၀ ကျော်ကို မမှန်မကန်ဆုံးဖြတ်ခဲ့သည့် လမ်ပန်မဲဆန္ဒနယ် (၂) ကို ထောက်ပြခဲ့ကာ မဲအရေအတွက်ကွဲလွဲမှုကြောင့် ပါတီအနေဖြင့် မဲပြန်ရေတွက်ရန် ကြိုးပမ်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် အနိုင်ရသူနှင့် ဒုတိယနေရာကြား ကွာဟချက်မှာ ရာဂဏန်းသာရှိသော ခွန်ကန်မဲဆန္ဒနယ် (၃) တွင်လည်း ပြည်သူ့ပါတီသည် မဲပြန်ရေတွက်ရန် ကြိုးပမ်းခဲ့ပြီး မမှန်မကန်မဲများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ပြောကြားခဲ့သည်။
မဲမူမမှန်မှုများကို တစ်နိုင်ငံလုံးပြန်လည်သုံးသပ်ရန် ပါတီ၏ဥပဒေအကြံပေး Teera Suteevarangkul အား ဦးဆောင်နေရာခန့်အပ်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများနှင့် ထောက်ခံသူများအား သံသယဖြစ်ဖွယ် မသမာမှုများကို တိုက်ရိုက်အစီရင်ခံရန် တိုက်တွန်းခဲ့ကြောင်း နာတာဖောင်က ပြောကြားသည်။
ပြည်သူ့ပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ဖုမ်ကျိုင်ထိုင်းပါတီနှင့် ဆွေးနွေးနေသည်ဆိုသော ကောလာဟလများကို တုံ့ပြန်ရာတွင် ထိုကဲ့သို့ဆက်သွယ်ပြောဆိုမှုမျိုးမရှိကြောင်း နာတာဖောင်က ငြင်းဆိုခဲ့သည။ ဖုမ်ကျိုင်ထိုင်းဦးဆောင်သည့်အစိုးရနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ပါတီ၏ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
ရွေးကောက်ပွဲအောင်ပွဲနှင့် ရှုံးနိမ့်မှုများတွင် အချက်များစွာပါဝင်သည်ဟု မစ္စတာနာတာဖောင်က ပြောကြားခဲ့ပြီး၊ ပါတီအနေနှင့် သင်ခန်းစာယူပြီး နိုင်ငံရေးမဟာဗျူဟာများကို ပြန် လည်ပြင်ဆင်ရန် ရွေးကောက်ပွဲအပြီး ပြန်လည်သုံးသပ်မှုများကို သေချာစွာပြုလုပ်သွားမည်ဟု အလေးပေးပြောကြားခဲ့သည်။ မဲဆန္ဒနယ်တချို့တွင် ရလဒ်များကို ကိုယ်စားလှယ်လောင်းများကြား တိုက်ရိုက်ယှဉ်ပြိုင်မှုထက် ပြိုင်ဘက်ပါတီတွေကြား နည်းဗျူဟာကျကျမဲပေးမှုနှင့် မဲဆန္ဒနယ်ခွဲဝေမှုများက ပုံဖော်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
နောက်ပြန်ဆုတ်မှုများရှိနေသော်လည်း လွှတ်တော်တွင် မည်သည့်အခန်းကဏ္ဍကမဆို ပြည်သူတွေအတွက် ဆက်လက်လုပ်ဆောင်ရေး အပြည့်အဝစိတ်အားထက်သန်နေဆဲဖြစ်ကြောင်း သူက ပြောသည်။ “ အမျိုးသားအကျိုးစီးပွားကိုဦးစားပေးရင် ဘယ်သူမှ တကယ်ရှုံးမှာမဟုတ်ပါဘူး” ဟု သူက ပြောကြားခဲ့ပြီး ပြည်သူ့ပါတီအတွက်ပေးသည့် မဲတိုင်းသည် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ဆက်လက်မောင်းနှင်သွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖွေ့ထိုင်းဝန်ကြီးချုပ်လောင်း ယုဒ်ချနန်က ထောက်ခံသူများကို ကျေးဇူးတင်ကြောင်းဖော်ပြသည့် သတင်းစကားတစ်ခုကို တနင်္လာနေ့က လူမှုကွန်ရက်တွင်မျှဝေခဲ့ပြီး ထိုင်းပြည်သူများ၏ ဘဝအရည်အသွေး တိုးတက်အောင်လုပ်ဆောင်ရေး သူ၏ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။
Ref: bangkokpost.com
#ယနေ့ခေတ်
ထိုင်းရွေးကောက်ပွဲတွင် မမှန်မကန်မဲအရေအတွက်များနှင့်ပတ်သက်၍ မဲပြန်ရေတွက်ရန် ပြည်သူ့ပါတီ ဖိအားပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်