ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ Terminal ဆီဆိုင်တွင် ဓာတ်ဆီဖြည့်စဉ် ပွတ်တိုက်မှုကြောင့် ကားနှစ်စီးမီးလောင်ကျွမ်း၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၂

ရန်ကုန်တိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Terminal ဓာတ်ဆီဆိုင်တွင် အငှါးယာဉ်တစ်စီးဆီဖြည့်စဉ် ကားဆီတိုင်ကီနှင့် ဆီပန့်ခေါင်းပွတ်တိုက်မှုကြောင့် မီးပွားထွက်ကာ ကားနှစ်စီးမီးလောင်ကျွမ်းခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ရက်၊ ည ၉ နာရီကျော်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ် ကွက်၊ ပြည်ထောင်စုလမ်းရှိ Terminal ဓာတ်ဆီဆိုင်တွင် အငှါးယာဉ်တစ်စီး ဆီဖြည့်စဉ် ဆီပန့်နှင့် ကားဆီတိုင်ကီ ပွတ်တိုက်မှုကြောင့် မီးပွားထွက်ကာ ကားနှစ်စီးမီးလောင်ကျွမ်းခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆီဆိုင်က ပိတ်ထားတဲ့အချိန်မှာ အငှါးယာဉ် (Taxi) က အရေးပေါ် ဆီလိုလို့ဆိုပြီး ဆိုင်ကဝန်ထမ်းလေးကဆီဖြည့်ပေးတာ။ ဆီဖြည့်နေတဲ့ပန့်ဂေါက်ကို ဆီတိုင်ကီထဲထည့်ထားခဲ့တုန်း ဝန်းထမ်းကောင်လေးက ကောင်တာမှာ ပိုက်ဆံသွားရှင်းပေးနေချိန်မှာ ပန့်ဂေါက်နဲ့ ဆီတိုင်ကီကတုန်ခါပြီးတော့ ပွတ်တိုက်ပြီး မီးပွားထွက်ရင်းနဲ့ မီးလောင်တာ။ အဲ့ဒီမှာ အငှါးကားပေါ်က ခရီးသည်က ဆီဖြည့်နေတဲ့ပန့်ဂေါက်ကို ဆွဲဖြုတ်တာ။ အဲ့ခရီးသည်တော့ ဘယ်ဘက်လက်ကို မီးဟပ်သွားတယ်။ ဒဏ်ရာအနည်းငယ်တော့ရတယ်။ ကားကတော့ အဲ့တက်စီကားရယ်၊ ဆီဆိုင်ကကားတစ်စီးရယ် စုစုပေါင်းနှစ်စီးပဲလောင်တာပါ။ ဆုံးရှုံးမှုကတော့ သိန်းသုံးရာနဲ့ ငါးသိန်းပါဗျ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် ည ၉ နာရီ ၃၉ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၉ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များနှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ Terminal ဆီဆိုင်တွင် ဓာတ်ဆီဖြည့်စဉ် ပွတ်တိုက်မှုကြောင့် ကားနှစ်စီးမီးလောင်ကျွမ်း၊ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.