ရန်ကုန်၊ ဇူလိုင် ၂၉
ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝများ အဆင်ပြေချောမွေ့ရေးနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်း ဆက်လက်ထိန်းညှိပေးနိုင်ရန်အတွက် ဒီဇယ်ဆီ HSD(500 ppm)အ ပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ဇူလိုင်နှင့် ဩဂုတ်လ နှစ်လထပ်မံတိုး မြှင့်ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ဇူလိုင် ၂၈ ရက်၊ အင်္ဂါနေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဒေါက်တာဗညားအောင်မိုးက ထောက်ခံဆွေးနွေးခဲ့သည်။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ယခုအခါ အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝများ အဆင်ပြေချောမွေ့ရေးနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းတည်ငြိမ်မှုရှိရေး ဆက်လက်ထိန်းညှိပေးရန်လိုအပ်သည့်အတွက် ဒီဇယ်ဆီ HSD (500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန်ကင်းလွတ်ခွင့်များကို ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့အတွက် ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုပေးနိုင်ရန် တင်ပြရခြင်းဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြု၍ရယူရာ ထောက်ခံမဲ ၅၂၃မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် ကြားနေမဲ ၂ မဲဖြင့် အတည်ပြုကြောင်း ကြေညာသည်။
ယနေ့ခေတ်
ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် နှစ်လထပ်တိုး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်