ရန်ကုန်၊ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ကော်ပြန့်ကြော်ဝယ်ယူစားသုံးရရာမှ လူကိုးဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၈ ရက်၊ နံနက် ၇ နာရီခန့်က ဓနုဖြူမြို့၊ ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာတွင် ပြောင်းဖူးဖြင့်ပြုလုပ်ထားသည့် ကော်ပြန်ကြော် ဝယ်ယူစားသုံးရာမှ လူကိုးဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ၊ ကျန်ရှစ်ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“တော်ကွဲကျေးရွာကရောင်းတဲ့ ပြောင်းဖူးနဲ့လုပ်ထားတဲ့ ကော်ပြန်ကြော်ဝယ်စားတဲ့သူတွေထဲကမှ ကိုးယောက်က အစာအဆိပ်သင့်တာ။ ကိုးယောက်မှာ ၄ နှစ်အရွယ်ကလေးတစ်ဦးက မနက် ၁၀ နာရီလောက်က မူးဝေအော့အန်ပြီး နှုတ်ခမ်းပြာတဲ့လက္ခဏာတွေနဲ့ ဆေးရုံးမှာပဲဆုံးသွားတယ်။ ကျန်တဲ့သူတွေလည်း ခေါင်းမူးတာ၊ အော့အန်တဲ့ လက္ခဏာတွေဖြစ်တယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရောင်းချသည့် ကော်ပြန့်ကြော် ၉၃ ခုအနက် ကျန်ရှိသော ၇ ခုကို သိမ်းဆည်ထားပြီးနောက် ဆက်လက်ရောင်းချခွင့်ကို တားမြစ်ထားပြီးဖြစ်ကြောင်း သိရသည်။
အစာအဆိပ်သင့်သည့် ကျန်ရှစ်ဦးကို ကျောင်းစုတိုက်နယ်ဆေးရုံတွင် အနီးကပ်ဆေးကုသစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး သက်ဆိုင်ရာက အလှူငွေများထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဇလွန်သွေးအလှူရှင်
ယနေ့ခေတ်
ဓနုဖြူမြိုတွင် လူကိုးဦး အစာအဆိပ်သင့်မှုဖြစ်ပွား တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်