နတ်မောက်မြို့တွင် ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းအချို့ပျက်စီး ဟုဆို

ရန်ကုန်၊ ဇွန် ၇

မကွေးတိုင်း၊ နတ်မောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံများဖြစ်ပွားနေခြင်းကြောင့် စိုက်ခင်းအချို့ ပျက်စီးကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့မှစ၍ နတ်မောက်မြို့၊ စျေးရပ်ကွက်၊ အနောက်ဘက်အခြမ်းတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံဖြစ်ပွားနေခြင်းကြောင့် ပဲ၊ နှမ်းနှင့် စပါးခင်းအချို့ပျက်စီးကြောင်း သိရသည်။

“မိုးများတော့ ယာခင်းတွေကရေတွေတအားစီးတော့ ချောင်းတွေ၊ မြောင်းတွေဖြစ်ကုန်ပြီး အပင်တွေပါအကုန်ပျက်စီးတာ။ ပေါက်ပြီးသားအပင်တွေရောပဲ။ ဧကတော့များတယ်။ ပဲနဲ့ နှမ်းနဲ့ကပျက်စီးတာများတယ်။ မိုးကတော့ ရွာနေတာမပြတ်သေးဘူး။ ကျွန်တော့်အိမ်မှာက ဆန်ရောင်းတာ။ မိုးရေတွေဝင်မှာစိုးလို့ အကုန်လုံးရွှေ့ထားရတယ်။” ဟု မြို့ခံတစ်ဦးက ယနေခေတ်သို့ ပြောသည်။

ထို့အပြင် နတ်မောက်မြို့တွင် မိုသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေနိမ့်ပိုင်းရှိ ရုံးအချို့နှင့် စျေးဆိုင်ခန်းအချို့တွင် ရေဝင်ရောက်ပြီး ရောင်းကုန်အချို့ ရေနစ်မြုပ်ခဲ့ကာ၊ နေအိမ်အ ချို့ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

“ရုံးတွေမြုပ်တာတွေရှိတယ်။ စိုက်ပျိုးရေးရုံးရယ်၊ လဝကရုံးတော့မြုပ်တာတွေရှိတယ်။ နတ်မောက်စျေးအနောက်ဘက်က စျေးဆိုင်နှစ်ဆိုင်၊ သုံးဆိုင်လောက်မြုပ်သွားတယ်။ ပဲစင်းငုံဆိုင်ရယ်၊ ထန်းလျှက်ဆိုင်ရယ်၊ ဆန်ဆိုင်ရယ်။ ဆန်ဆိုင်ဆို ဆန်အိတ်တွေတော်တော်များများ ရေစိုကုန်တာ။” ဟု နတ်မောက်မြို့ခံတစ်ဦးက ယနေခေတ်သို့ ပြောသည်။

ဇွန်လ ၅ ရက်၊ ည ၈ နာရီကျော်ကလည်း၊ နတ်မောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာချောင်းအတွင်း အိမ်စီးကားတစ်စီး ချောင်းဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါကာ အသက် ၇၀ ကျော်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလက ယနေ့ည ၇ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

နတ်မောက်မြို့တွင် ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းအချို့ပျက်စီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.