ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် စက်သုံးဆီဆိုင် ဆီပေပါဖွင့်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၄ နာရီကျော်က ပခုက္ကူမြို့ချောက်ကန်ကျေးရွာတွင် “ဟိန်းစည် “စက်သုံးဆီဆိုင် ဆီပေပါဖွင့်ရာမှတဆင့် မီးပွားထွက်ကာ မီးလောင်ကျွမ်းခဲ့ပြီး၊ အမျိုး သားဝန်းထမ်းနှစ်ဦး ဒဏ်ရာရရှိကာ၊ ကျပ် ၁၈ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ဆီအတင်အချလုပ်တဲ့ကားပေါ့နော် ကားပေါ်မှာဆီပေပါတွေပါတယ်။ ဆီပေပါကို ဂေါက်တံနဲ့လှည့်ဖွင့်တာ။ ဂေါက်တံနဲ့ဖွင့်တဲ့အချိန်မှာ မီးပွါးထွက်သွားတာ။ အဲ့ဒီကနေမီးစလောင်တာပါ။ အဲ့ဒီကအလုပ်သမားနှစ်ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၈ သိန်းရှိပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည့် ၄ နာရီ၊ ၂၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ညနေ ၄ နာရီ၊ ၃၄ မိနစ်တွင်မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃၊ နံနက် ၆ နာရီကျော်ကလည်း မင်းလှမြို့ ရွာတော်ကျေးရွာတွင် ရေနံသိုလှောင်ဘေးထားရှိသည့် ပိုက်လိုင်းပေါက်ထွက်ရာက တဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဓာတ်ပုံ-MFSD
ပခုက္ကူမြို့တွင် စက်သုံးဆီဆိုင်မီးလောင်၊ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်