ပါကစ္စတန်နှင့်ချုပ်ဆိုထားသည့် Indu Waters Treaty ကို ပြန်လည်အသက်သွင်းတော့မည်မဟုတ်ဟု အိန္ဒိယဆို

နယူးဒေလီ၊ ဇွန် ၂၂

အိန္ဒိယသည် အိမ်နီးချင်းပါကစ္စတန်နှင့်ချုပ်ဆိုထားသည့် Indu Waters Treaty ကို မည်သည့်အခါမှ ပြန်လည်အသက်သွင်းတော့မည်မဟုတ်ကြောင်းနှင့် ထိုနေရာတွင် စီးဆင်းနေသောရေများကို ပြည်တွင်းအသုံးပြုရန်အတွက် လမ်းကြောင်းပြောင်းသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမစ်ရှားက ပြောကြားသည်။

အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ပြီးခဲ့သည့် ဧပြီလအတွင်းက အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ရာ အိန္ဒိယက ပါကစ္စတန်ကျော ထောက်နောက်ခံပြုသော အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် နယူးဒေလီက အင်ဒုမြစ်ကိုအသုံးပြုမှုစနစ်နှင့်ပတ်သက်သည့် ၁၉၆၀ ခုနှစ်တွင်ချုပ်ဆိုသည့် Indu Waters Treaty စာချုပ်တွင် ပါဝင်တော့မည်မဟုတ်ကြောင်း ပြောကြားသည်။

နျူကလီးယားအင်အားကြီးနှစ်နိုင်ငံကြား ရက်အတန်ကြာ တိုက်ပွဲများဖြစ်ပွားစေခဲ့သည့်ဖြစ်ရပ်တွင် ပါကစ္စတန်က ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စစ်ရေးတင်းမာမှုများက ၎င်းတို့အား နောက်ထပ်အစွန်းသို့ပဋိပက္ခသို့ ရောက်စေခဲ့သည်။

ပြီးခဲ့သောလတွင် နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း အမစ်ရှားက ၎င်း၏အစိုးရသည် အိန္ဒိယနိုင်ငံမှမြစ်ဖျားခံသောမြစ်သုံးစင်းမှ ပါကစ္စတန်လယ်မြေ ၈၀ ရာခိုင်နှုန်းအတွက် ရေရရှိရေးအာမခံချက်ပေးသည့်စာချုပ်ကို ပြန်လည်အသက်သွင်းတော့မည်မဟုတ်ကြောင်း ပြောကြားသည်။

“ဒါက ဘယ်တော့မှ ပြန်မရနိုင်ပါဘူး” ဟု အမစ်ရှားက The Times of India သတင်းစာကို စနေနေ့ကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ တူးမြောင်းဖောက်လုပ်ခြင်းဖြင့် ပါကစ္စတန်မှ Rajasthan သို့စီးဆင်းနေသောရေကို ယူပါမည်။ ပါကစ္စတန်သည် တရားမျှတမှုမရှိဘဲ ရေငတ်နေလိမ့်မည်” ဟု အိန္ဒိယအနောက်မြောက်ပိုင်းရှိ ကန္တာရပြည်နယ်ကို ရည်ညွှန်းပြီး ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံ နယ်နိမိတ်ဖြတ်ကျော် ရေသဘောတူညီချက်အရ အိန္ဒိယသည် အင်ဒုမြစ်ဝှမ်းမှစီးဆင်းလာသောရေများကို မျှဝေသုံးစွဲနိုင်စေပြီး အရှေ့ဘက်ဟိမဝန္တာမြစ် ၃ ခုဖြစ်သည့် Ravi, Sutlej နှင့် Beas တို့ကို အိန္ဒိယကထိန်းချုပ်ပေးကာ အနောက်ဘက်မြစ် ၃ ခုဖြစ်သည့် Jhelum, Chenab နှင့် Indus ကို ပါကစ္စတန်ကထိန်းချုပ်ထားသည်။

အဆိုပါစာချုပ်သည် ဖြစ်ပေါ်လာသည့် ပြဿနာများကိုဖြေရှင်းရန် အိန္ဒိယ-ပါကစ္စတန် Indus ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့သည်။

အဆိုပါသဘောတူညီချက်ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ယခင်ကလက်နက်ကိုင်ပဋိပက္ခများနှင့် လွန်ခဲ့သည့် ၆၅ နှစ်တာကာလအတွင်း အဆက်မပြတ်တင်းမာမှုများမှ လွတ်မြောက်ခဲ့သည်။

သို့သော်လည်း ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ၏ အစိုးရအဖွဲ့တွင် အာဏာအရှိဆုံးဝန်ကြီး အမစ်ရှား၏ မှတ်ချက်များသည် မဝေးတော့သောကာလတွင် စာချုပ်နှင့်ပတ်သက်၍ ဆွေး နွေးရန် အစ္စလာမာဘတ်၏မျှော်လင့်ချက်များကို လျော့ပါးစေခဲ့သည်။

အမစ်ရှား၏မှတ်ချက်ကို ပါကစ္စတန်က တုံ့ပြန်ခြင်းမရှိသေးပေ။ သို့သော် အဆိုပါစာချုပ်တွင် တစ်ဖက်သတ်ပြန်ဆွဲရန် ပြဋ္ဌာန်းချက်မရှိကြောင်း၊ ပါကစ္စတန်သို့စီးဆင်းနေသည့် မြစ်ရေများကို ပိတ်ဆို့ထားမှုမှန်သမျှကို “စစ်ပွဲ၏လုပ်ရပ်” အဖြစ်သတ်မှတ်မည်ဟု ယခင်ကလည်း ပြောကြားခဲ့သည်။

“သဘောတူညီချက်ကို ပြင်ဆင်လို့မရသလို ဘယ်ပါတီကမှ နှစ်ဖက်သဘောတူညီမှုမရှိဘဲ ရပ်စဲလို့မရပါဘူး” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Dar က ပြီးခဲ့သည့်လ အတွင်းက ပြောကြားခဲ့သည်။

အစ္စလာမာဘတ်သည် နိုင်ငံတကာဥပဒေအောက်တွင် သဘောတူညီချက်ကိုလိုက်နာရန် အိန္ဒိယ၏ဆုံးဖြတ်ချက်အတွက် တရားရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကို ရှာဖွေနေသည်။

စာချုပ်ကို တစ်ဖက်သတ်ဆိုင်းငံ့ထား၍ မရကြောင်းနှင့် ပါတီများအကြား အပြန်အလှန်သဘောတူညီချက်ဖြင့်သာ ပြင်ဆင်နိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ဧပြီလတွင် အယ်လ်ဂျာဇီယာသို့ ပြောကြားခဲ့သည်။

“ အိန္ဒိယသည် ‘abeyance’ ဟူသော စကားလုံးကိုသုံးထားပြီး စာချုပ်တွင်လိုက်နာခြင်းကို ပယ်ဖျက်ရန်ကဲ့သို့သော ပြဋ္ဌာန်းချက်မျိုးမရှိကြောင်း ပါကစ္စတန်ရှေ့နေ Ahmer Bilal Soofi က Al Jazeera သို့ ပြောကြားခဲ့သည်။

“အထက်ပိုင်းမြစ်ကြောင်းနဲ့ အောက်မြစ်ကြောင်းဆိုင်ရာ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေတွေကို ချိုးဖောက်ပြီး အထက်မြစ်ကြောင်းက အောက်ပိုင်းမြစ်ကြောင်းအတွက် ရေကတိကို မတားဆီးနိုင်ပါဘူး။” သို့သော် စာချုပ်သည် လက်ရှိပုံစံအတိုင်းတော့ မဟုတ်ကြောင်း နယူးဒေလီအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ Anuttama Banerji က ဧပြီလတွင် Al Jazeera သို့ ပြောကြားခဲ့သည်။

Ref: Al Jazeera

#ယနေ့ခေတ်

ပါကစ္စတန်နှင့်ချုပ်ဆိုထားသည့် Indu Waters Treaty ကို ပြန်လည်အသက်သွင်းတော့မည်မဟုတ်ဟု အိန္ဒိယဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.