ပိတ်ထားခဲ့သည့် အနောက်ဘက်ကမ်း အခြေချနေထိုင်မှုကို အစ္စရေး ပြန်လည်ဖွင့်လှစ်

ဂါနင်၊ ဩဂုတ် ၁၄

အစ္စရေးနိုင်ငံသည် လက်ရှိအစိုးရ၏ အခြေချနေထိုင်မှုနယ်မြေများ လျင်မြန်စွာတိုးချဲ့ရေးမူဝါဒကို ပေါ်လွင်စေသည့် လုပ်ရပ်အဖြစ် အနောက်ဖက်ကမ်းရှိ ဂါနင်အခြေချနယ်မြေကို စွန့်ခွာခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်အကြာ ကြာသပတေးနေ့တွင် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ဂါနင်၏လမ်းသစ်ဖြစ်သည့် တစ်ခုတည်းသောလမ်းပေါ်တွင် လတ်လတ်ဆတ်ဆတ်လောင်းထားသော ကတ္တရာရနံ့များ ပျံ့နှံ့နေပြီး ရွှေ့ပြောင်းအခြေချရန် ရောက်လာသည့် မိသားစုများသည် ကြိုတင်တည်ဆောက်လုပ်ထားသည့် အိမ်များကို ပျော်ရွှင်စွာမြင်တွေ့ကြသည်။

“လွန်ခဲ့တဲ့တစ်လလောက်က ဒီမှာ ဘာမှမရှိဘူး။ ကျောက်တောင်ကြီး၊ သစ်ပင်တွေ မရှိသလောက်ပဲ၊ အရိပ်လည်း မရှိသလောက်ပဲ။ ကျွန်မတို့ အခုရောက်နေပါပြီ” ဟု အသက် ၃၅ နှစ်အရွယ် အခြေချနေထိုင်သူအသစ် ရူးတ် ဘာရန်က သူမ၏အိမ်သစ်ရှေ့တွင် AFP ကို ပြောကြားသည်။

အနီးအနားက ထရပ်ကားတစ်စီးပေါ်မှ ကုန်သေတ္တာများထဲတွင် လေအေးပေးစက်အသစ်စက်စက် ဒါဇင်ပေါင်းများစွာသည် သူတို့နှင့်အတူ ပါဝင်လာသည်။

အသက် ၂၅ နှစ်အရွယ် မာတန် ဘာကိုဗစ်သည် ၎င်း၏ဇနီး၊ ကလေးနှင့်အတူ အခြေချနေထိုင်ရာအသစ်သို့ ပြောင်းရွှေ့လာစဉ် အစိုးရ၏အခြေချနေထိုင်မှုမူဝါဒကို ကျေနပ်မိကြောင်း ပြောကြားပြီး လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားသော အိမ်အသစ်စက်စက်တစ်လုံးကို ကြည့်ရှုခဲ့သည်။

“အစိုးရအဖွဲ့ထဲမှာ ကျွန်တော်တို့ကို ကူညီပံ့ပိုးပေးပြီး လမ်းမှန်ဆီ လမ်းညွှန်ပြသပေးတဲ့၊ အလုပ်တွေကိုလည်း စနစ်တကျနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ဝန်ကြီးတွေရှိနေတဲ့ အခုလိုအချိန်အခါမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဂျေရုဆလင်မှ ပြောင်းရွှေ့လာသော ဘာကိုဗစ်၏မိခင် ကာမစ်က သူမ၏သားတစ်ဦးသည် မကြာမီ အခြေချနေထိုင်ရာရှိ ဘာသာရေးကျောင်းတွင် ပညာသင်ကြားတော့မည်ဟု ပြောကြားခဲ့ပြီး အခြေချနေထိုင်သူများ၏ လှုပ်ရှားမှုတွင် ၎င်းတို့တက်ကြွစွာပါဝင်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။

“ဒီမှာ အစ္စရေးရဲ့မြေပါ။ ဒီမှာ ကျွန်တော်တို့ ထာဝရနေထိုင်သွားမှာပါ” ဟု အစ္စ ရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ရဟတ်ယာဉ်ဖြင့်လာရောက်ပြီး အခမ်းအနားတွင် ပြောကြားသည်။

ဂါနင်မ်မြို့သည် ၂၀၀၅ ခုနှစ်တွင် ယခင်ဝန်ကြီးချုပ် အေရီယယ် ရှာရွန်၏ ခွဲထွက်ရေးအစီအစဉ်အရ အစ္စရေးက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ အစ္စရေးအခြေချနေထိုင်ရာလေးခုအနက် တစ်ခုဖြစ်သည်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အစိုးရလက်ထက်တွင် ရွှေ့ပြောင်းခံရသော ရပ်ကွက်လေးခုအနက် သုံးခုဖြစ်သည့် ဂါနင်မ်၊ ဆာနူးရ်နှင့် ဟုမ်းရှ်တို့ကို တရားဝင်ပြန်လည်ထူ ထောင်ခြင်းအပါအဝင် အခြေချနေထိုင်ရေးတည်ဆောက်မှုနှင့် တိုးချဲ့မှုများ မြင့်တက်လာခဲ့သည်။

အစ္စရေးနှင့် အခြားအနောက်ဘက်ကမ်းရှိ အခြေချနေထိုင်ရာနေရာများမှ လူတစ်ရာခန့်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး မြောက်ပိုင်းအနောက်ဘက်ကမ်းရှိ အခြေချနေ ထိုင်မှုများကို တာဝန်ယူထားသော အစ္စရေးအာဏာပိုင်အကြီးအကဲ ကတ်ဇ်နှင့် ယိုစီ ဒါဂန်တို့ ပါဝင်သည်။

“ရွှေ့ပြောင်းခြင်းခေတ် ကုန်ဆုံးသွားပြီ။ ဒီကနေ ကျွန်တော်တို့ ဆောက်လုပ်ရုံပါပဲ” ဟု ဒါဂန်က ပြောကြားသည်။

အောက်ဘက်ချိုင့်ဝှမ်းတွင် AFP နှင့် စကားပြောဆိုခဲ့သော ပါလက်စတိုင်းလူမျိုးများက ဂါနင်မ်၏ ဆောက်လုပ်ရေးသည် ၎င်းတို့၏ဘဝများကို ပိုမိုခက်ခဲစေမည် သို့မဟုတ် နောက် ဆုံးတွင် ရွှေ့ပြောင်းခံရမည်ကိုပင် စိုးရိမ်ကြသည်။

အစ္စရေးမှ အခြေချနေထိုင်ရာသို့ ဦးတည်သော လမ်းနှစ်ဖက်စလုံးတွင် စစ်တပ်သည် မကြာသေးမီရက်များအတွင်း ဆိုင်ခန်းများကိုဖြိုဖျက်ခဲ့ပြီး ပါလက်စတိုင်းအသိုင်းအဝိုင်းများသို့ ဦးတည်သော မြေသားလမ်းများစွာကို အပျက်အစီးများဖြင့် ပိတ်ဆို့ခဲ့သည်။

အစ္စရေးနိုင်ငံသည် အနောက်ဖက်ကမ်းဒေသကို ၁၉၆၇ ခုနှစ်ကတည်းက သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဥပဒေအရ တရားမဝင်သော အဆိုပါနယ်မြေရှိ အခြေချနေထိုင် ရာနေရာများတွင် ပါလက်စတိုင်းပြည်သူ သုံးသန်းခန့်နှင့်အတူ အစ္စရေးနိုင်ငံသား ငါးသိန်းကျော် နေထိုင်လျက်ရှိသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ ဂါဇာကမ်းမြောင်တွင် ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းလူမျိုးများအပေါ် အကြမ်းဖက်မှုများ သိသိသာသာမြင့်တက်လာခဲ့သည်။

Ref: bangkokpost.com
ယနေ့ခေတ်

ပိတ်ထားခဲ့သည့် အနောက်ဘက်ကမ်း အခြေချနေထိုင်မှုကို အစ္စရေး ပြန်လည်ဖွင့်လှစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.