ရန်ကုန်၊ ဧပြီ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့တွင် ထမင်းပေါင်းအိုးတည်ရာမှ အပူလွန်ကဲကာ နေအိမ် ၁၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ မီးဘေးသင်သူ ၅၅ ဦးရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁၇ ရက်၊ ည ၁၁ နာရီကျော်က ပေါင်မြို့၊ အလှပ်ကျေးရွာတွင် ထမင်းအိုးတည်ရာမှ အပူလွန်ကဲကာ နေအိမ် ၁၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ မီးဘေးသင့် ၅၅ ဦးရှိခဲ့ကြောင်း သိရသည်။
“ညနေ ၃ နာရီလောက်ထဲက ထမင်းပေါင်းအိုးတည်ထားခဲ့ပြီး အလှူအိမ်ကိုသွားတာ။ အဲ့မှာစပြီး အပူလွန်ကဲပြီး လောင်တာ။ နေအိမ်ကတော့ အားလုံး ၁၁ လုံးကူးမီးစက်လောင်တယ်။ နေအိမ် ၁၁ လုံးဆိုတော့ မီးဘေးသင့်တာ အိမ်ထောင်စု ၁၁ စုနဲ့ လူဦးရေက အမျိုးသားအယောက် ၃၀ နဲ့ အမျိုးသမီး ၂၅ ယောက်ပါ။ သူတို့တွေကတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာနေကြပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည် ည ၁၁ နာရီ၊ ၈ မိနစ်တွင် စတင်လောင်ကျွမ်းခဲပြီး၊ ည ၁၂ နာရီ ၉ မီနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များနှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းကူညီမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
ပေါင်မြို့တွင် နေအိမ် ၁၁ လုံး မီးလောင်ကျွမ်း၊ မီးဘေးသင့်သူ ၅၅ ဦးရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်