ရန်ကုန်၊ ဇွန် ၅
နေပြည်တော်၊ ပျဉ်းမနားမြို့တွင် အားသွင်းကြိုး အပူလွန်ကဲရာမှ မီးလောင်ခဲ့ပြီး ဆိုင်ခန်းငါးခန်းကို ကူးစက်ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၄ ရက်၊ ည ၁၁ နာရီခန့်က ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ၉ လမ်း၊ စဉ့်အိုးဘို ဘုန်းကြီးကျောင်းရှေ့ရှိ မော်တာစက်ဘီးပြင်ဆိုင်တွင် အားသွင်းကြိုး အပူလွန်ကဲရာမှ ဆိုင်ခန်းငါးခန်း မီးကူးလောင်ကျွမ်းခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မော်တာစက်ဘီးပြင်တဲ့ဆိုင်ကနေ စလောင်တာ။ အားသွင်းတဲ့ကြိုးကနေ အပူလွန်ကဲပြီးလောင်တာပါ။ ဆိုင်ခန်းကငါးခန်း၊ TV ပြင်ဆိုင်၊ အမိုးကူရှင်ချုပ်တဲ့ဆိုင်ရယ်၊ ကျန်တဲ့ဆိုင်တော့ သေချာမသိရသေးဘူး။ ဆုံးရှုံးမှုကတော့ တွက်နေတုန်းပဲ။ ဓာတ်တိုင်က မီတာတွေပါလောင်သွားတယ်။ လူထိခိုက်မှုကတော့ ဘေးကလာကူတဲ့နှစ်ယောက်တော့ သွပ်ပြားရှတဲ့ဒဏ်ရာရတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် ည ၁၁ နာရီ၊ ၆ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၁၁ နာရီ၊ ၁၉ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်၊ ည ၁၀ နာရီခန့်ကလည်း ပျဉ်းမနားမြို့၊ သူဌေးကုန်ကျေးရွာရှိ နေအိမ်အတွင်း ဓာတ်ဆီလှယ်ရာတွင် ဆေးလိပ်မီးပွားမှတဆင့် နေအိမ်ငါးလုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အိမ်ရှင်အမျိူးသမီးတစ်ဦး သေဆုံးကာ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး မီးဘေးသင့်သူ ၃၂ ဦးရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် ဖေဖော်ဝါရီ ၂၅ ရက်၊ ည ၈ နာရီကျော်က ပျဉ်းမနားမြို့၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ အာဟာရသုခဈေးတွင် ဆိုင်ခန်းပေါင်း ၂၄၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရ သည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ပျဉ်းမနားမီးသတ်
ယနေ့ခေတ်
ပျဉ်းမနားတွင် ဆိုင်ခန်းငါးခန်း မီးလောင်ကျွမ်း၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်