ပြည်နယ်နှင့် တိုင်းအချို့တွင် မုတ်သုံအကြိုမိုး အနည်းငယ်ရွာနိုင် ဟုဆို

ရန်ကုန်၊ မတ် ၂၉

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ပြည်နယ်နှင့် တိုင်းအချို့တွင် မုတ်သုံအကြိုမိုး အနည်းငယ်ရွာနိုင်ကြောင်း သိရသည်။

ဧပြီလအတွင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မုတ်သုံအကြိုအနေဖြင့် ၁၀ ရက်မှ ၁၈ ရက်ခန့်အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်နိုင်က ယနေ့ နေ့လည် ၂ နာရီတွင် ထုတ်ပြန်ထားသည်။

မုတ်သုံမိုးဖြစ်သည့်အတွက် နေရာကွက်၍ မိုးသည်ထန်စွာရွာသွန်နိုင်သည်ဟု ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေ ရာစိပ်စိပ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်း ပြည်နယ်နှင့် တိုင်းများအလိုက် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်များအနေဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းမြောက်ပိုင်းနှင့်ထိစပ်လျှက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်အထက် 10 to 20 mm = ၀.၄ လက်မ မှ ၀.၈ လက်မခန့် ပိုမိုရရှိနိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတောင်ပိုင်းနှင့် ကချင်ပြည်ယ်ဒေသအချို့တွင် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်အောက် 5 to 10 mm = ၀.၂ လက်မ မှ ၀.၄ လက်မခန့် လျော့နည်းရရှိနိုင်ပြီး၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသများတွင် နှစ်စဉ်ဖြစ်မြဲမိုးရေချိန်ခန့် ရွာသွန်းနိုင်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-Win Naing
ယနေ့ခေတ်

ပြည်နယ်နှင့် တိုင်းအချို့တွင် မုတ်သုံအကြိုမိုး အနည်းငယ်ရွာနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.