ရန်ကုန်၊ နိုဝင်ဘာ ၆
ယခုနိုဝင်ဘာလမှစပြီး ပြည်ပသို့ ဆန်တင်ပို့ပါကဆန် ၃ တန်လျှင် အရန်ဆန်တစ်အိတ်နှုန်း ပေးသွင်းရန် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးထား ကြောင်း သိရသည်။
အဆိုပါ ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ယခု(နိုဝင်ဘာလ)တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းပေးသွင်းရမည့် ၃ တန် ၁ အိတ် အရန်ဆန်များ၏ ၄ ပုံ ၁ ပုံဖြစ် သည့် ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံသို့ တစ်ပတ်အတွင်း ပေးသွင်းရမည်ဖြစ်သည်။
ထို့ပြင် အရန်ဆန်များ၏ ၄ ပုံ ၃ ပုံ၊ ၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်ဖြင့် ထားရှိရေးအတွက် သတ်မှတ်ပုံစံများနှင့်အညီ လျှောက်ထားတင်ပြရမည်ဖြစ်ကြောင်း လည်း အသိပေးထားသည်။
ထို့အပြင် Physical ပေးသွင်းခြင်းအပေါ် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ် ဈေးနှုန်းအဖြစ် (နိုဝင်ဘာလအတွက်) တစ်အိတ်လျှင် ကျပ် ၆၂,၀၀၀ သတ် မှတ်ဆောင်ရွက်ရန် ပြောကြားထားပြီး Pre-License Inspection စစ်ဆေးပြီးသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို ပူးတွဲ ပါပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီလိုတော့ကြားတာပဲ။ အရန်ဆန်တစ်အိတ် ပေးသွင်းရမယ်ဆိုပြီး။ ပို့ကုန်နဲ့ပတ်သက်ပြီး ခဏခဏ မူဝါဒတွေသတ်မှတ်ထုတ်ပြန်နေတာ။ အဆင်မပြေဘူး။ လောလောဆယ် ဆန်တင်ပို့မှုက ခဏရပ်ထားတယ်။ မကိုက်လို့။ ပြီးတော့ နယ်စပ်လမ်းကြောင်းကလည်း အခြေနေတွေမကောင်းဘူးလေ။” ဟု ဆန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် ပြည်ပတင်ပို့မည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင် ခွင့်ပြုသည့်စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှ စတင် ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာသုံးလအတွင်း ဆန်တန်ချိန် ခုနှစ်သိန်းနီးပါး တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပြည်ပပို့မည့် ဆန် ၃ တန်လျှင်တစ်အိတ်နှုန်း အရန်ဆန်ပေးသွင်းရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်