ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကျေးရွာအချို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ရှိလာခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့မှစ၍ ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး အပြန် အလှန်ပစ်ခတ်မှုများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူနှင့် ကလေးငယ်အပါအဝင် ဒဏ်ရာရသူများရှိလာခဲ့ကြောင်း သိရသည်။
“လေကြောင်းတိုက်ခိုက်မှုကြောင့်တော့မဟုတ်ဘူး။ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၃၁ ရက်နေ့မှာ ကလေးတစ်ယောက်ထိတယ်။ စာသင်ကျောင်းကိုကျတာ ကလေးနှစ်ယောက်၊ အဲနေ့ မနက်အစောပိုင်းမှာ အမျိုးသားတစ်ဦးထိတယ်။ ဒီနေ့မနက်က နှစ်နှစ်အရွယ်ကလေးနဲ့ မိသားစုသုံးယောက်ထိတယ်။ သေဆုံးသူလည်းရှိတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖားကန့်မြို့ကျေးအရွာအချို့တွင် တိုက်ပွဲများပြင်းထန်လာပြီး လက်နက်ကြီးကျည်များ မကြာခဏကျရောက်မှုကြောင့် ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် ဘာသာရေးအ ဆောက်အဦးများသို့ တိမ်းရှောင်သူများလည်း ရှိလာကြောင်း သိရသည်။
“အခုတိုက်ပွဲဖြစ်တဲ့ ထုံးဘို၊ ဂျမ်ကပ်၊ အခုမနက်က အမှိုက်ပုံကျေးရွာ အဲ့ဒီကလူတွေက နီးစပ်ရာနဲ့ ဘာသာရေးကျောင်းတွေမှာ ရှောင်ကြရတာပါ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-ဒေသခံ
#ချစ်ချစ်ခိုင်
ဖားကန့်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးထိမှန်ကာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်